သင်းအုပ်ဆရာ သုံးဦးကို ပြန်လွှတ်ပေးဖို့ ခရစ်ယာန်ဘာသာဝင် ၂၀၀ ခန့် လက်မှတ်ထိုးတောင်းဆို
2021.07.06
ကချင်ပြည်နယ် နောင်မွန်မြို့မှာ ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်တာကြောင့် ဇွန်လ ၂၈ ရက်နေ့က အဖမ်းခံ လိုက်ရတဲ့ ကချင်ပြည်နယ် နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ ဂိုရှန်ဆင်ဆားရ်၊ ခရစ်တော်ရဲ့ အသင်း တော်က သိက္ခာတော်ရ ဆရာတော် ဇဂေါန်ထီနနဲ့ ရဝမ်နှစ်ခြင်းအသင်းတော်က သိက္ခာတော်ရဆရာတော် မဟောင်းဒီးတို့ သုံးဦးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကချင်ပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင် ၂၀၀ ခန့်က စုပေါင်းလက်မှတ်ထိုးပြီး ပူတာအိုခရိုင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ထံ စာရေးတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
လက်မှတ်ထိုး တောင်းဆိုသူတွေထဲမှာ ကချင်ပြည်နယ် နှစ်ခြင်းခရစ်ယာန်အသင်းတော်က အသင်းသား ၄၀ ကျော်၊ ခရစ်တော်ရဲ့ အသင်းတော်က အသင်းသား ၄၀ ကျော်နဲ့ ရဝမ်နှစ်ခြင်းအသင်းတော်က အသင်းသား ၁၂၀ ခန့် ပါဝင်တယ်လို့ နောင်မွန်မြို့က နှစ်ခြင်းခရစ်ယာန်အသင်းဝင် တစ်ဦးက ပြောပါတယ်။
အဲဒီသင်းအုပ်ဆရာ သုံးဦးဟာ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ဘာသာရေး ခေါင်းဆောင်တွေဖြစ်တာကြောင့် သူတို့မှာ အပြစ်မရှိဘူးလို့ နောင်မွန်မြို့က နှစ်ခြင်းခရစ်ယာန်အသင်းဝင် ဦးဒီးရမ်က RFA ကို ပြောပါတယ်။
“အခုဆရာတော် သုံးပါး ဖမ်းဆီးထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဂိုဏ်းဂဏပေါင်းစုံက စာရေးထားတယ်။နောက်ပြီးတော့ အသင်းသားတွေကလည်း သူတို့ကို လွှတ်ပေးဖို့ စာရေးထားတယ်။ အဲဒီမှာ လက်မှတ်ထိုးထားတာလည်းရှိတယ်။ ဒီဆရာတော်သုံးပါးက နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး၊ သူတို့က ဘာသာရေး ဆရာတွေမို့ သူတို့ကို အပြစ်မရှိဘူးဆိုတဲ့အကြောင်း အသင်းသူ၊ အသင်းသားတွေက လက်မှတ်ထိုးထားတယ်”
အခု အဖမ်းခံထားရတဲ့ သင်းအုပ်ဆရာ သုံးဦးဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့က ရိုးရာယဉ်ကျေးမှုခန်းမဆောင်မှာ မြန်မာနိုင်ငံငြိမ်းချမ်းစေဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အထူး ဆုတောင်းပွဲ ပြုလုပ်ခဲ့တာကြောင့် ကြံ့ခိုင်ဖွံဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဝမ် စာပေ နှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးမရစ်ယောရှုက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅-က တပ်မတော်ကို အကြည် ညိုပျက်စေမှုနဲ့ ပူတာအို မြို့မရဲစခန်းမှာ ဇွန်လ ၁၄ ရက်နေ့ ကတည်းက အမှုဖွင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် နှစ်ပတ်အကြာ ဇွန်လ ၂၈ ရက်နေ့မှာ သူတို့သုံးဦးစလုံး အဖမ်းခံလိုက်ရတာပါ။
ပုဒ်မ ၅၀၅-က အရ တရားရုံးက အပြစ်ရှိကြောင်းဆုံးဖြတ်ရင် မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေအရ ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
"ဒါဟာ မလုပ်သင့်တဲ့ အလုပ်တစ်ခုပါ၊ ဘာသာရေးဆရာတွေဆိုတာ လူဆိုးလူမိုက်တွေလည်း မဟုတ်ဘူး"
နိုင်ငံကောင်းစေချင်လို့ ငြိမ်းချမ်းရေးအရ ဆုတောင်းတာကို တရားရုံးက ထောင်ချမယ်ဆိုရင်တော့ တရားမျှတမှုရှိမှာ မဟုတ်တော့ဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောပါတယ်။
“တရားရုံးမှာ ရုံးထုတ်ရင်တော့ ကျွန်တော်တို့က သူတို့ သုံးယောက်စလုံးကို တရားရုံးနဲ့ဖြေရှင်းဖို့ နောက်ဆုံးကတော့ အဲဒီအဆင့်ပါပဲ။ တရားမျှတတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့ တစ်တိုင်းပြည်လုံး ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော်တွေ၊ တစ်ကမ္ဘာလုံး၊ ဗမာပြည် တစ်ပြည်လုံးမှာ ခရစ်ယာန်သာမက ဗုဒ္ဓ၊ ဟိန္ဒူ၊ မွတ်စလင် အားလုံးလည်း တောင်းနေကြတာပဲ။ အဲဒါတောင်းပြီးမှပဲ အရေးယူမယ်ဆိုရင်တော့ အားလုံးကို အရေးယူရုံပဲရှိတော့တယ်။ ကျွန်တော် တို့ကတော့ ကောင်းစေချင်လို့ ကိုယ်ယုံကြည်ရာကို ဆုတောင်းအစည်း အဝေးတွေ လုပ်နေတာပါ။ တရားရုံးကလည်း ဒါကိုတကယ်လို့ ပြစ်ဒဏ်ချမယ်ဆိုရင်တော့ တရားမျှတမှုတော့ ရှိတော့မှာ မဟုတ်ဘူးလို့ ကျွန်တော်တော့ အဲ့ဒီလိုပဲ ပြောချင်ပါတယ်”
၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်လွှတ်တော် နောင်မွန်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာ ကလည်း ဘာသာရေး သင်းအုပ်ဆရာတော်တွေကို ဖမ်းဆီးတာဟာ မလုပ်သင့်တဲ့ကိစ္စလို့ ဝေဖန်ပါတယ်။
“ဒါဟာ မလုပ်သင့်တဲ့ အလုပ်တစ်ခုပါ၊ ဘာသာရေးဆရာတွေဆိုတာ လူဆိုးလူမိုက်တွေလည်း မဟုတ်ဘူး။ အားလုံးအတွက် လိုအပ်တဲ့အရာအားလုံးကို သူတို့က ဆုတောင်းပေးရတယ်။ နာရေးပဲဖြစ်ဖြစ်၊ သာရေး ပဲဖြစ်ဖြစ် လုပ်ပေးရတယ်။ အခုလို ဆရာတွေမရှိတဲ့အတွက် နောင်မွန်းမြို့အတွက်လည်း တော်တော် အခက်အခဲတွေ့မှာပဲ“
ဒေါ်ဘောက်ဂျာဟာ လက်ရှိမှာ ကချင်ပြည်နယ်ရဲ့ပဋိပက္ခတွေမှာ ကြားဝင်ဖျန်းဖြေပေးဖို့ စစ်ကောင်စီက အသိအမှတ်ပြုထားတဲ့ ကချင်ပြည်နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ (၃) အဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။

သင်းအုပ်ဆရာတွေ ပြန်လည်လွတ်မြောက်ရေးအတွက် သူတို့အနေနဲ့ တက်နိုင်တဲ့ဘက်က ဆောင်ရွက်သွား မယ်လို့လည်း ဒေါ်ဘောက်ဂျာ က ပြောသွားပါတယ်။
လက်ရှိမှာ ခရစ်ယန်သင်းအုပ် ဆရာတော် သုံးယောက်ကို ပူတာအိုမြို့နယ် နမ်ဟော့အကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။
သင်းအုပ်ဆရာတော် သုံးပါးဟာ အသက် ၆၀ ကျော်အရွယ်တွေဖြစ်ပြီး အဲဒီထဲက ဆရာတော် မဟောင်းဒီးဟာ သွေးတိုး၊ ကျောက်ကပ်နဲ့ အစာအိမ်ရောဂါခံစားနေရသလို ဆရာတော် ဂိုရှန်ဆင်ဆားရ် ကလည်း မကြာသေး ခင်ကပဲ လေးဖြတ်ခံထားရတာကြောင့် ဆရာတော်တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိတယ်လို့ နောင်မွန် မြို့ ဒေသခံတွေက RFA ကို ပြောပြကြပါတယ်။