ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကို စကားပြောခွင့် စစ်ကောင်စီပိတ်ပင်

2021.10.15
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကို စကားပြောခွင့် စစ်ကောင်စီပိတ်ပင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော် ကို တွေ့ရစဉ်
Photo: RFA

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်ကို အာဏာပိုင်တွေက စကားပြောဆိုခွင့် မနေ့က ပိတ်ပင်လိုက်ပါတယ်။

မနေ့ကစပြီး ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာ၊ နိုင်ငံခြား သံတမန်၊ နိုင်ငံခြား အစိုးရ၊ ဘယ်ပြင်ပအဖွဲ့အစည်း ပုဂ္ဂိုလ်တွေနဲ့မှ တွေ့ဆုံတာ၊ ပြောဆိုတာတွေ မလုပ်ဖို့ စစ်ကောင်စီရဲ့ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၄၄ ထုတ်ပြန်ပြီး ပိတ်ပင်လိုက်တဲ့အကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ဒီနေ့မနက်က အတည်ပြုရေးသားထားပါတယ်။

အဲဒီအမိန့်စာထဲမှာ ဦးခင်မောင်ဇော်ရဲ့ ဆက်သွယ်ပြောဆိုချက်တွေဟာ တရားဥပဒေနဲ့အညီ ဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို နှောင့်ယှက်မှု ဒါမှမဟုတ် ထိခိုက်နာကျင်ဆုံးရှုံးမှု၊ အများပြည်သူတွေအတွက် ရုန်းရင်း ဆန်ခတ်ဖြစ်မှုတွေကို ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျိုးဆောင်ရှေ့နေ တစ်ဦးကတော့ ရှေ့နေ ဦးခင်မောင်ဇော်ဟာ တရားခွင်ထဲက အဖြစ်အပျက်အတိုင်းသာ ပြောလေ့ရှိပြီး အခြားရည်ရွယ်ချက်နဲ့ ပုံကြီးချဲ့ပြောခဲ့တာ မရှိဘူးလို့ ပြောပါတယ်။

“ပြည်သူ့ခေါင်းဆောင်တွေ တရားရုံးမှာ ပြောတဲ့စကားကိုတောင် ဥပဒေသမား ရှေ့နေတွေ ပြောခွင့်အပိတ်ခံရတယ်"

ရန်ကုန်မြို့မှာနေထိုင်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ အခုလို စကားပြောခွင့်ပိတ်ပင်တာဟာ ဥပဒေနဲ့မညီဘူးလို့ RFA ကို ပြောပါတယ်။

“အခုလို လုပ်လို့ မရဘူး။ လုပ်လို့ရတယ်ထားဦး ဥပဒေနဲ့ မညီဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေက အဲဒီလို လုပ်ခွင့်ကို ပေးမထားဘူး။ ဘာတွေက ပေးမထားဘူးလဲဆိုတော့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနဲ့ သတင်း မီဒီယာ ဥပဒေတွေက အဲလိုလုပ်ခွင့် မပေးဘူး။ အဲဒီတော့ သူက ၁၄၄ ထုတ်တာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ဥပဒေကို ကိုးကားပြီး ထုတ်တာ။ သတင်းမီဒီယာ ဥပဒေဆိုတာက မနေ့တနေ့တုန်းကမှ ဦးသိန်းစိန် လက်ထက်မှ စထုတ်တာ။ အဲဒီတော့ ရှေးကျတဲ့ ဥပဒေနဲ့ နောက်ကျတဲ့ ဥပဒေတို့ ပြိုင်လာရင် နောက်ကျတဲ့ ဥပဒေကပဲ လွှမ်းမိုးတယ်။ ၁၉၇၃ ခုနှစ်၊ စကားရပ်များ ဖွင့်ဆိုတဲ့ ဥပဒေအရ အဲဒီ ၁၄၄ ကို သတင်းမီဒီယာ ဥပဒေက လွှမ်းမိုးတယ်။ ဒါကြောင့်မိုလို့ ဒီလိုထုတ်လို့ မရဘူး”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ သြဇာကြီးမားမှုကို စစ်ကောင်စီက ကြောက်လန့်နေလို့ အခုလို ကန့်သတ်တာလို့ ယူဆကြောင်းလည်း ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ရုံးထုတ်စဉ် သမ္မတ ဦးဝင်းမြင့်က စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်အရာရှိတွေက သမ္မတရာထူးကနေ ဖိအားပေးနုတ်ထွက်ခိုင်းခဲ့ကြောင်း၊ စစ်တပ်က အတင်းအဓမ္မအာဏာသိမ်းခဲ့တာဖြစ်ကြောင်း တရားခွင်ထဲမှာ ထွက်ဆိုခဲ့ပါတယ်။

ဒီထွက်ဆိုချက်တွေဟာ အများပြည်သူ သိသင့်သိထိုက်တဲ့ အချက်တွေဖြစ်လို့ သတင်းမီဒီယာတွေကို ပြန်ပြောပြဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရှေ့နေတွေကို ညွှန်ကြားခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

အဲဒီထွက်ဆိုချက်ကို နိုင်ငံတကာသတင်းမီဒီယာတွေက အကျယ်တဝင့်ဖော်ပြခဲ့ပြီးနောက် အကျိုးဆောင် ရှေ့နေ ဦးခင်မောင်ဇော်ကို စစ်ကောင်စီက အခုလို နှုတ်ပိတ်လိုက်တာလို့လည်း ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေအဖွဲ့ထဲက ရန်ကုန်မြို့မှာနေထိုင်တဲ့ ရှေ့နေဒေါ်စန်းမာလာညွန့် ကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လက စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက သတင်းမီဒီယာတွေကို မပြောဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့တဲ့အတွက် အခုဆိုရင် စကားပြောခွင့် ပိတ်ပင်ခံရတာ နှစ်ဦး ရှိလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးက ပြောပါတယ်။

နောက်ထပ် အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးကလည်း ယခင်က သတင်းမီဒီယာတွေကို ပုံမှန်ဖြေကြားပေးခဲ့ရာကနေ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကစပြီး လုံးဝမဖြေကြားတော့ပါဘူး။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တိုင်းပြည်ကို အရေးပေါ် အခြေအနေကြေညာပြီး တပ်မတော်က တာဝန်ရယူနေချိန်မှာ ဦးခင်မောင်ဇော်ရဲ့ ပြောစကားတွေဟာ တိုင်းပြည်တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်တယ်လို့ သုံးသပ်တဲ့အတွက် အခုလို ကန့်သတ်လိုက်တာလို့ တုံ့ပြန်ပါတယ်။

“ဒီလို အချိန်မျိုးမှာ ပြောခြင်းအားဖြင့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေလည်း သိပြီး သားပဲ။ ဒါတွေက တည်ငြိမ်အေးချမ်းရေး ပြည်သူလူထုရဲ့ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူ ပြုစေလား၊ အထောက်အကူ မပြုစေလားဆိုတာ ဆင်ခြင်တုံတရားနဲ့ သုံးသပ်လို့ရတယ်။ အထောက်အကူ မပြုစေပါဘူး။ ပိုပြီးတော့မှ တစ်ဖက်နဲ့ တစ်ဖက်ကြား သွေးကွဲမှု ထင်ယောင်ထင်မှားဖြစ်မှုတွေ ပိုပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့ အတွက် ကန့်သတ်ရခြင်း ဖြစ်ပါတယ်”

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ စစ်ဆေးခံနေရတဲ့ နေပြည်တော် ကောင်စီရုံးဝင်းထဲက ရုံးအမှတ် (၁) တရားခွင်ဟာ ပွင့်လင်းတဲ့တရားခွင်ဖြစ်တယ်လို့ အမှုကိုစစ်နေတဲ့ တရားသူကြီးကိုယ်တိုင် ပြောဆိုထားတဲ့ တရားခွင်တစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက တရားရုံးချိန်းတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က တရားခွင်ထဲမှာ တရားရုံးရဲ့ ထွက်ဆိုချက်တွေကို အပြင်မှာ ပြန်လည်ပြောဆိုခွင့် ရှိ၊ မရှိ တရားသူကြီးကို မေးမြန်းခဲ့ရာမှာ တရားသူကြီးက ပွင့်လင်းတဲ့တရားရုံးဖြစ်လို့ ပြောဆိုခွင့်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ygn-protest.jpg
(ရန်ကုန်မြို့မှာ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်သီဟကတော့ ဒါဟာ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ သတင်းတွေအမှောင်ချပြီး အုပ်ချုပ်ဖို့ကြိုးစားနေတာလို့ RFA ကို ပြောပါတယ်။

“ပြည်သူ့ခေါင်းဆောင်တွေ တရားရုံးမှာ ပြောတဲ့စကားကိုတောင် ဥပဒေသမား ရှေ့နေတွေ ပြောခွင့်အပိတ် ခံရတယ်။ ဒါဘာသဘောလဲဆိုတော့ ကျနော်တို့ကို စောင့်ကြည့်နေတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးကို တရားဝင် ကြေညာတဲ့သဘော။ ငါတို့ အစိုးရကတော့ သတင်းအမှောင်ချပြီ။ မတရား ဥပဒေနဲ့ ကိုယ့်တိုင်းပြည် ပြည်တွင်းရေးကို ဆက်အုပ်ချုပ်တော့မှာပဲဆိုတဲ့ ရဲရဲတင်းတင်း ကြေညာတဲ့ သဘော”

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အဖမ်းခံခဲ့ရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြည်သူလူထုနဲ့ အချိန်တစ်လခန့် လုံးဝအဆက်အသွယ်ပြတ်သွားခဲ့ပြီး တရားရုံးတင်စစ်ဆေးခဲ့တဲ့ မတ်လဆန်းပိုင်းရောက်မှသာ သူတို့ရဲ့ ကျန်းမာရေးအပါအဝင် အမှုအခြေအနေ တွေကို ပြည်သူလူထုက ရှေ့နေတွေကတဆင့် သိခွင့်ရခဲ့တာပါ။

အမှုပေါင်း ၁၁ မှုနဲ့ အရေးယူခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရုံးချိန်းတွေကို အပတ်စဉ် တက်ရောက် နေရပြီး ကျန်းမာရေးအရ နှစ်ပတ်တစ်ခါမှ ရုံးချိန်းတက်ရောက်ခွင့်ပြုဖို့ လျှောက်ထားချက်ကိုလည်း စစ် ကောင်စီဘက်က ပယ်ချထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အဂတိမှုတွေနဲ့ နေပြည်တော်မှာ ဒီနေ့ ရုံးထုတ်ခဲ့ပေမယ့် ရှေ့နေတွေက မဖြေကြားတော့တာကြောင့် ဒီနေ့အတွက် အမှုအခြေအနေကို မသိရသေးပါဘူး။

အာဏာသိမ်း စစ်ကောင်စီက အကျိုးဆောင်ရှေ့နေတွေရဲ့ ပြောရေးဆိုခွင့်တွေကိုပါ ကန့်သတ်လာတဲ့အတွက် နောက်ပိုင်းမှာ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အခြေအနေတွေကို အများပြည်သူသိခွင့် ရနိုင်ဖို့ ပိုခက်ခဲလာနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။