ချောင်းဦးက စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

RFA Burmese
2024.09.20
ချောင်းဦးက စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်တစ်နေရာကို တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က စစ်ကောင်စီတပ် အခြေစိုက်ထားတဲ့ ကံဇီးရွာကို စက်တင်ဘာ ၁၉ ရက်နေ့ မနက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ် ထောက်ခံတဲ့ ပျူစောထီးရွာဖြစ်တဲ့ ကံဇီးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က စစ်သားနဲ့ ပျူစောထီး ဆယ်ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် စစ်ကောင်စီ ရဲတပ်သား တစ်ဦးနဲ့ ရွာသား ငါးဆယ်ကျော်ကိုလည်း ဖမ်းဆီးမိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းဦးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“သုံ့ပန်း ရဲတစ်ယောက် ဖမ်းမိတယ်။ ကျန်တာတွေကတော့ ပျူရွာထဲမှာ နေနေတဲ့သူတွေပေါ့။ အစက သုံးဆယ်ကျော်လောက် ဖမ်းမိတာ။ နောက် ညနေပိုင်းမှာ လမ်းမှာတွေ့တာ ထပ်ဖမ်းတာနဲ့ ငါးဆယ်ကျော်လောက် ဖမ်းမိထားပါတယ်”

ကံဇီးရွာကို ဝင်ရောက်စီးနင်းချိန် တော်လှန်ရေးတပ်ဖွဲ့ဘက်က တစ်ဦးထိခိုက်မှုရှိပြီး ကာဘိုင်သေနတ် ခုနစ်လက်နဲ့ ကျည်သုံးဖာ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီး သုံနာရီခန့်အကြာ မနက် ၁၁ နာရီဝန်းကျင်မှာ ကံဇီးရွာက ပြန်လည်ဆုတ်ခွာခဲ့ပြီး ဖမ်းဆီးမိသူတွေကို ဒီနေ့အထိ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ စတဲ့မြို့နယ်က စစ်ကောင်စီတပ် အထိုင်စခန်းရှိရာ ရွာတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။