ဘူးသီးတောင်မြောက်ပိုင်း စစ်ကောင်စီ တောင်ဘဇာတပ်စခန်းကို AA သိမ်းပိုက်
2024.03.29

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တောင်ဘဇာကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၈ ရက် မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။
တစ်ချိန်တည်းမှာပဲ မောင်တောမြို့နယ်၊ ကြိမ်းချောင် နယ်ခြားစောင့်တပ်စခန်းကိုလည်း အပြီးသတ်သိမ်းယူဖို့ စစ်ရှိန်မြှင့်ပြီး တိုက်ခိုက်နေတယ်လို့လည်း AA အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ကတော့ ခမရ - ၅၅၂ အထိုင်ချထားတဲ့ တောင်ဘဇာ စခန်းသိမ်းပိုက်ပြီးနောက် ရက္ခိုင့်တပ်တော် AA က ဘူးသီးတောင်တစ်မြို့နယ်လုံးကို မကြာခင်ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယူဆကြောင်း RFA ကို ပြောပါတယ်။
“တောင်ဘဇာ စခန်းက ဘူးသီးတောင်မြို့ပေါ်က အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရဲ့ ရှေ့တန်းလို့တောင် ပြောလို့ရတယ်။ တောင်ဘဇာက ကာပေးထားရတာ။ အခုအဲဒီစခန်းကျပြီဆိုတော့ ဒါက စစ်ဗျူဟာအရ အရေးကြီးတယ်။ အဲဒီမှာ တပ်မိသားစုဝင်တွေကိုလည်း ထွက်ခွာဖို့ စစ်ကောင်စီက ပြင်နေပြီ။ ဆိုတော့ ဘူးသီးတောင်ကို မကြာခင်ရလိမ့်မယ်”
တောင်ဘဇာစခန်းကို တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်အတွင်း လက်နက်ချ အညံ့မခံတဲ့ စစ်ကောင်စီတပ်သားတွေကို ရက္ခိုင့်တပ်တော် AA က လိုက်လံချေမှုန်းနေတယ်လို့လည်း AA အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ လေးလကျော်အတွင်းမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲ၊ ရသေ့တောင်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွေကို AA က သိမ်းယူထားပါတယ်။