ဂွမြို့ ခမရ - ၅၆၃ AA သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်
2024.12.20

ရခိုင်ပြည်နယ် ဂွမြို့အနီးက စစ်ကောင်စီရဲ့ ခမရ - ၅၆၃ တပ်ရင်းကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဂွမြို့ပေါ်မှာလည်း မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာတွေ အပါအဝင် မြို့အနှံ့ကို ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့အနီး သံတွဲ-ဂွကားလမ်းပေါ်မှာ နောက်ဆုံးကျန်နေတဲ့ ခမရ - ၅၆၂ တပ်ရင်းကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ကတော့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် ရေတပ်စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဂွမှာ ဒီမနက် ခမရ ၅၆၃ ကို သိမ်းလိုက်ပါပြီ။ မြို့ရဲ့ နေရာအနှံ့ကိုလည်း ထိန်းချုပ်လို့ရပါပြီ”
ဂွမြို့ပေါ်က စစ်ကောင်စီတပ်သားတွေတချို့ဟာ ရခိုင်ရိုးမတောင်တန်းတွေပေါ်အထိ ဆုတ်ခွာသွားပြီးနောက် ရိုးမပေါ်မှာ လက်နက်ကြီးတွေ အခိုင်အမာနေရာချပြီး ခံစစ်ပြင်ထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဂွမြို့ပေါ်မှာထက် ရိုးမပေါ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အမ်းမြို့ အနောက်ပိုင်းတိုင်းတိုင်း စစ်ဌာနချုပ်က နောက်ဆုံးကျန်တဲ့ တိုင်းစစ်ရုံး နေရာကိုလည်း AA က ထိုးစစ်ဆင်နေပြီး နေ့စဉ်လက်နက်ချလာသူတွေ ရှိနေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။