စဉ့်ကူးမြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း MDY-PDF ထုတ်ပြန်

RFA Burmese
2024.07.20
စဉ့်ကူးမြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း MDY-PDF ထုတ်ပြန် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး ဓာတ်ပုံ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးနဲ့ စဉ့်ကူးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စဉ့်ကူးမြို့နယ်ဟာ စစ်ကောင်စီကင်းစင်တဲ့ မြို့နယ်တစ်ခုဖြစ်လာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင်လ ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူနိုင်ခဲ့တဲ့ မြို့ဖြစ်ပြီး အပြည့်အ၀ထိန်းချုပ်ထားနိုင်ပြီလို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

"ဟုတ်ပါတယ်။ စဉ့်ကူးကို အပြည့်အဝ သိမ်းလိုက်နိုင်ပါပြီ။ စကစအနေနဲ့ စဉ့်ကူးမြို့ကို လက်လွှတ်ပြီးချိန်မှာတောင် လေကြောင်း တိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်ခဲ့တာ ရှိပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပါတယ်"

တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကိုတော့ လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။ ဒီစစ်ဆင်ရေးမှာ MDY-PDF ဘက်က တပ်ဖွဲ့ဝင်တချို့ သေဆုံးတာတွေလည်းရှိ အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုးစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စဉ့်ကူးမြို့နယ်ဟာ မန္တလေးမြို့နဲ့ မိုင်ငါးဆယ်ကျော်ဝေးပြီး ကြားထဲမှာ မတ္တရာမြို့နယ်ကို ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။

မတ္တရာမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တပ်စခန်း ၂၈ ခုအထိ သိမ်းယူထားပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။