ထန်တလန်က စစ်ကောင်စီတပ်စခန်းကို ချင်းတပ်ဖွဲ့တွေ သိမ်းပိုက်
2024.10.08
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က CB ဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ CDF-ထန်တလန် အဖွဲ့က ပြောပါတယ်။
ဒီစခန်းကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ထန်တလန်မြို့တစ်ခုလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ထန်တလန်မြို့မရဲစခန်း စတဲ့ စစ်ကောင်စီတပ်စခန်း နှစ်ခုသာ ကျန်ရှိတော့တယ်လို့ CDF-ထန်တလန် ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“မြို့ပြင်က သူတို့ တပ်ကုန်းတွေ လက်လွှတ်လိုက်ရပြီလေ၊ မြို့ထဲမှာပဲ ခြေကုပ်ယူနေတော့တာ။ ကျွန်တော်တို့က ကျန်ရှိသေးတဲ့ စခန်းတွေကို ဆက်သိမ်းနိုင်ဖို့ ကြိုးစားနေတယ်။ စစ်ကောင်စီဘက်ကတော့ ဟားခါးကနေရော လေကြောင်းနဲ့ပါ ပစ်တာပေါ့။ မနေ့က လက်နက်ခဲယမ်းတွေ သိမ်းတာရှိတယ်။ စစ်ကောင်စီဘက်ကလည်း သေတာများတယ်”
မနေ့က စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ သုံးခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချို ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ထန်တလန်မြို့ပေါ်က လိုင်ဗီလာတည်းခိုခန်းမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ဖို့ ဇူလိုင်လ ၂၂ ရက်နေ့ကနေ စတင်တိုက်ခိုက်နေတာဖြစ်ပြီး စက်တင်ဘာလအထိ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က သေဆုံးသူ ဆယ်ဦးနဲ့ ဒဏ်ရာရသူ သုံးဆယ်ခန့်ရှိနေတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လ နှစ်လအတွင်းမှာလည်း ဟားခါးနဲ့ ထန်တလန်မြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းရှစ်ခုအထိ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။