စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဇင်းကလင်းရွာနဲ့ ချင်းဆိုင်ရွာအကြားမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၁၅ ဦးထက်မနည်း ထိမှန်သေဆုံးခဲ့တယ်လို့ ကလေးမြို့ နယ် ဒေသကာကွယ်ရေးတပ် PDF အဖွဲ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ခြောက်ရက် မနေ့က နေ့လယ် သုံးနာရီခွဲလောက်မှာ ကလေးမြို့ နည်းပညာ တက္ကသိုလ်ကနေ ကလေးမြို့ဆီ လမ်းလျှောက်လာတဲ့ အင်အား ၆၀ ကျော်ပါတဲ့ စစ် ကောင်စီ တပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကတော့ နေရာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲက ကလေးစစ်ဆေးရုံအရောက် ငါးဦး ထပ်မံသေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ကြံသာရွာနဲ့ ဟံသာဝတီရွာတွေကနေ တင်သားရွာ ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ရွာသားဆယ်ဦး ဒဏ်ရာရခဲ့ပြီး ကိုးနှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် လေးဦး ဒဏ်ရာပြင်းထန်တယ်လို့လည်း ဖော်ပြထားပါ တယ်။
ဒါ့အပြင် အင်းတော်၊ ပျဉ်သာ ရွာတွေဘက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေပြီး ကလေးမြို့ပေါ်ရဲ့ အရှေ့ဘက် ရဲစခန်း၊ အမြောက်တပ်နဲ့ ထောက်ပို့တပ်တွေကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် တင်သား၊ အောင်မင်္ဂ လာ၊ မှန်တော၊ ရှားဖို၊ ကျောက်ဖူး စတဲ့ရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဖော်ပြထားပါတယ်။
ကလေးမြို့နယ်က ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်း အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။