တံတားဦးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

မန္တလေးတိုင်း တံတားဦးမြို့နယ် မြင်းသည်ရွာနဲ့ စကားတဲရွာကြားမှာ ဖေဖော်ဝါရီ ၅ ရက် မနေ့က မနက် ၇ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောတယ်။
စစ်ကောင်စီယာဉ်တန်းက ကားအသေး ၆ စီးကို မိုင်း ၄ လုံး ခွဲခဲ့တာလို့ Ngazun Fight Stars တာဝန်ရှိသူက RFA ကို ပြောပါတယ်။
"မိုင်းဆွဲပြီးနောက် သူတို့က ပြန်ပစ်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတော့ မရှိခဲ့ပါဘူး။ သုံးဦး ဆေးရုံရောက်တယ်လို့ စုံစမ်းသိရတယ်"
Myaung People's Defense Force TGR၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊ Ngazun Fight Stars နဲ့ Ngazun's Heroes အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF အဖွဲ့တွေ ထိခိုက်မှုမရှိဘူးလို့ ပြောကြသလို စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရသူ အတိအကျကိုတော့ စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့် ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုစားနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကလည်း Ngazun Fight Stars၊ ငါန်းဇွန် ပ က ဖ၊ Ngazun Heroes နဲ့ GTR MMU စတဲ့ PDF ပူးပေါင်းအဖွဲ့တွေက ငါန်းဇွန် ငါန်းမြာ လမ်းပေါ်ဖြတ် သွားတဲ့ စစ်ကား နှစ်စီးနဲ့ ဆိုင်ကယ် သုံးစီးကို မိုင်းသုံးလုံးခွဲခဲ့ရာ စစ်သား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။