အာဆီယံ အထူးကိုယ်စားလှယ် တောင်းဆိုမှု ညှိနှိုင်းမရတာတွေ ရှိကြောင်း စစ်ကောင်စီဥက္ကဋ္ဌပြော

2021.10.18
အာဆီယံ အထူးကိုယ်စားလှယ် တောင်းဆိုမှု ညှိနှိုင်းမရတာတွေ ရှိကြောင်း စစ်ကောင်စီဥက္ကဋ္ဌပြော စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁၊ နိုဝင်ဘာ ၁၈ ရက်နေ့က မြန်မာ့ရုပ်မြင်သံကြားမှာ မိန့်ခွန်းပြောကြားစဥ်
Photo: MRTV

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းလို့မရတာတွေရှိနေပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်တာကြောင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၈ ရက် ဒီနေ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် စစ်တပ်ပိုင် မြဝတီမီဒီယာနဲ့ မြန်မာအသံ မီဒီယာတွေကနေ ဒီနေ့ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပေမယ့် ဘယ်လိုအချက်တွေ ဆိုတာကိုတော့ တိတိကျကျ မပြောထားပါဘူး။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ဖို့အတွက် အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တွေ့သင့်တွေ့ထိုက်သူတွေကို တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က လိုက်လျောမှုမရှိတာကြောင့် ခရီးစဉ်ပျက်သွားခဲ့ ပါတယ်။

အာဆီယံအနေနဲ့ စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် မဖော်နိုင် ဘူးဆိုပြီး အခုလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ခွင့်မပေးဘဲ နိုင်ငံရေးနဲ့မပတ်သက်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုပဲ ဖိတ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲလိုဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ စစ်ကောင်စီဥက္ကဋ္ဌက ရုပ်သံကနေ အာဆီယံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အခုလို ပြောလာတာလည်းဖြစ်ပါတယ်။

အာဆီယံဟာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို အလေးထားဟန့်တားတောင်းဆိုတာ မရှိဘဲ စစ်ကောင်စီကိုပဲ တောင်းဆိုနေတာကြောင့် အာဆီယံအနေနဲ့ ဒါတွေကို ဆောင်ရွက်ပေးဖို့ လိုမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါပေမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ အပေါင်းအစည်းအဝေးပွဲတွေကိုတော့ အာဆီယံ အခြေခံမူတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယူဆကြောင်းလည်း ဆိုပါတယ်။

ဒီနေ့ မိန့်ခွန်းထဲမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံပြီး အကျဉ်းကျနေသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကိုလည်း အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။