အာဆီယံအစည်းအဝေးတွေကို စစ်ကောင်စီ ဥက္ကဋ္ဌ တက်ရောက်နိုင်ရေး ဆွေးနွေး

ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံက အစည်းအဝေးတက်ခွင့် ပိတ်ပင်ထားချိန်မှာပဲ လာမယ့်နှစ် ကျင်းပမယ့် အာဆီယံအစည်းအဝေးတွေကို တက်ရောက်နိုင်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားစစ်ဦးစီးချုပ်တို့ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ် မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်မယ့် (၁၉) ကြိမ်မြောက် အာဆီယံဆိုင်ရာ အစည်းအဝေးတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိတွေ ကိုယ်တိုင် တက်ရောက်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကို အလည်အပတ်လာဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်ကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် သွားရောက်ပေးအပ်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Vong Pisen တို့ ဆွေးနွေးခဲ့ကြတာပါ။
ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်မှာ အာဆီယံနိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွားကို အနှောင်အဖွဲ့ကင်းကင်းနဲ့ ဖော်ဆောင်နိုင်ဖို့အတွက် အာဆီယံ ပဋိဉာဉ်နဲ့အညီ ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံနိုင်ငံတွေအချင်းချင်း စည်းလုံးညီညွတ်ဖို့၊ အာဆီယံနိုင်ငံအားလုံး အာဆီယံပဋိဉာဉ်တွေကို အားလုံးလိုက်နာဆောင်ရွက်ဖို့နဲ့ တချို့နိုင်ငံတွေရဲ့ အာဆီယ ပဋိဉာဉ်ကို ချိုးဖောက်မှုကြောင့် အဖွဲ့ဝင်နိုင်ငံ အားလုံး အပေါ်မှာ ထိခိုက်မှုရှိနိုင်တဲ့အကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် မဖော်နိုင်သလို ပူးပေါင်းဆောင်ရွက်မှုလည်း မရှိတာကြောင့်ဆိုပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး မဖိတ်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ထားတာပါ။
မနေ့က တွေ့ဆုံဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဘက်ကလည်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ဘုရင့်တပ်မတော် သုတေသနနဲ့ ထောက်လှမ်းရေးဌာနအကြီးအကဲ Lieutenant General Hann Sovann၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် သူရလှမင်းနဲ့ ကမ္ဘောဒီးယား ဘုရင့်တပ်မတော်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။