ရှမ်းမြောက်ဒေသ ရှစ်မြို့နယ်ကို ညမထွက်ရ အမိန့်ထုတ်
2023.11.16

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်ရှစ်မြို့နယ်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၅ ရက် မနေ့ကစလို့ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရဲ့ အမိန့်နဲ့ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုး၊ သိန္နီမြို့တွေနယ်တွေမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က စလို့ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာလို့ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညနေပိုင်းကတည်းက ည ၆ နာရီထွ က်မရတော့ဘူးလို့ ပြောနေတာ။ မြို့အဝင်ဂိတ်တွေ ဆိုရင်လည်း ည ၆ နာရီဆို ပေးမဖြတ်တော့ဘူး။ မနက်ဈေးသည်တွေ ညဈေးရောင်းသူတွေလည်း အတော်အခက်တွေ့သွားတာပေါ့”
ကိုးကန့်ဒေသ လောက်ကိုင်၊ ကုန်းကြမ်းမြို့တွေမှာတော့ အခုလ ၁၃ ရက်နေ့ကတည်း လောက်ကိုင်ဒေသ ကွပ်ကဲရေးမှူးရဲ့ အမိန့်နဲ့ ည ၆ နာရီကနေ မနက် ၆ နာရီ အထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့တာပါ။
အဲဒီမြို့တွေအားလုံးကို စစ်ကောင်စီက အခုလ ၁၂ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
မြောက်ပိုင်း ညီနောင်သုံးဖွဲ့က စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စပြီး ရှမ်းမြောက် ဒေသအတွင်းက နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နှီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့ မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ကြား တိုက်ပွဲတွေနေ့စဉ်လိုလို ပြင်းထန်နေပါတယ်။
စစ်ဆင်ရေးကာလအတွင်း နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ဖောင်ဆိုင်မြို့တွေကို မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားပြီး စစ်ကောင်စီ စခန်းပေါင်း ၁၃၀ နီးပါးကိုလည်း သိမ်းပိုက်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် နောင်ချို၊ မူဆယ်၊ လောက်ကိုင် စတဲ့ ပြည်ထောင် စုလမ်းမကြီးကိုလည်း မြောက်ပိုင်းညီနောင် သုံးဖွဲ့က ဖြတ်တောက်ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီဘက်တော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ဒီတိုက်ခိုက်မှုတွေကို ပြန်လည် တုံ့ပြန်မယ်လို့ ပြောဆိုထားပြီးနောက်ပိုင်း ရှမ်းမြောက်ဒေသက ရှစ်မြို့နယ်မှာ စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။