ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြစ်ဒဏ်တွေ တစ်ဝက်လျှော့ဖို့ စစ်ကောင်စီဥက္ကဋ္ဌ အမိန့်ထုတ်

2021.12.06
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြစ်ဒဏ်တွေ တစ်ဝက်လျှော့ဖို့ စစ်ကောင်စီဥက္ကဋ္ဌ အမိန့်ထုတ် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၈ မတ်လ ၃၀ ရက်နေ့က တွေ့ရစဥ်
AFP Photo

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဒီနေ့မနက်က နေပြည်တော် အထူးတရားရုံးကနေ ထောင်ဒဏ်လေးနှစ်စီ ချမှတ်လိုက်တဲ့အမိန့်ကို ထက်ဝက်သာကျခံဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ညပိုင်းမှာ အမိန့်ထုတ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပေါ် ဒီနေ့မနက် ချမှတ်လိုက်တဲ့ ထောင်ဒဏ်လေးနှစ်အမိန့်ကို ထောင်ဒဏ် တစ်ဝက်သာ ကျခံဖို့နဲ့ ၊ ကျန်တဲ့ထောင်ဒဏ်တွေကိုလည်း လက်ရှိနေအိမ်တွေမှာပဲ ကျခံဖို့ အမိန့်ထုတ်ပြန်လိုက်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြား MRTV သတင်းမှာ ဒီနေ့ည ၈ နာရီက ကြေညာခဲ့တာပါ။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထောင်ဒဏ်နှစ်နှစ်ကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။

"နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အနေနဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ်မှာ တရားရုံးက ချမှတ်ခဲ့တဲ့ ထောင်ဒဏ်လေးနှစ်အနက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ထောင်ဒဏ် နှစ်နှစ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ ကျခံရန်ကျန်ရှိတဲ့ ထောင်ဒဏ် နှစ်နှစ်ကို လက်ရှိ ထိန်းသိမ်းထားတဲ့နေရာမှာပဲ ကျခံစေရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်"

ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ် သီးသန့်တရားရုံးက ဒီနေ့ ချမှတ်လိုက်တဲ့အမိန့်ကို သူတို့တွေအနေနဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ဆဲဥပဒေနဲ့အညီ လိုက်နာရမှာဖြစ်ပေမယ့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်ဝက်သာကျခံဖို့ လျှော့ပေါ့ပေးလိုက်တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာ အသက် ၇၆ နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲထားတဲ့အမှုပေါင်း ၁၁ မှုထဲက ကိုဗစ်ကာလ သတ်မှတ်ချက်ဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ ကို ချိုးဖောက်တဲ့အတွက် ဆိုပြီး ထောင်ဒဏ် နှစ်နှစ်၊ အများပြည်သူအကျိုးကို ပျက်စီးစေမှုဆိုတဲ့ ပုဒ်မ - ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ်၊ စုစုပေါင်း ထောင်ဒဏ်လေးနှစ် သီးခြားစီကျခံဖို့ ပထမဆုံးအနေနဲ့ ချလိုက်တာပါ။

အလားတူ သမ္မတဦးဝင်းမြင့် ကိုလည်း အဲဒီပုဒ်မနှစ်ခုအတွက် ထောင်ဒဏ်လေးနှစ် ကျခံဖို့ အမိန့်ချမှတ်ခဲ့တာပါ။

အခုလို အမှုနှစ်မှုအတွက် ထောင်ဒဏ်တချို့ လျှော့ပေါ့ပေးလိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မနဲ့ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေပုဒ်မ အပါအဝင် စုစုပေါင်း ၁၁ မှုနဲ့ တရားစွဲခံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမသမာမှုနဲ့ အဂတိလိုက်စားမှု တစ်ခုထပ်တိုးထားတဲ့အတွက် စုစုပေါင်း ၁၃ မှုအထိ ရှိနေပြီး အဲဒီအမှုတွေ အကုန်လုံးကို တစ်မှုချင်းအလိုက် သတ်မှတ်ထားတဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေချခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း ထောင်ဒဏ် အနှစ် ၁၀၀ ကျော် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။