မြဝတီ - ဝေါလေ လမ်းပိုင်းမှာ မနေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေ

2022.08.20
မြဝတီ - ဝေါလေ လမ်းပိုင်းမှာ မနေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ ဘုရားကုန်းတိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား နှစ်ဦးအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Cobra Column

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မြဝတီ - ဝေါလေ ကားလမ်းမပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ Cobra စစ်ကြောင်းတို့ ဩဂုတ်လ ၁၉ ရက် မနေ့မနက်ပိုင်းကစလို့ တိုက် ပွဲဖြစ်နေပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်က ခြောက်ဦးသေဆုံးသလို နှစ်ဦး ဖမ်းမိတယ်လို့ Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄ လက်အောက်ခံ၊ ခြေမြန်တပ်ရင်း ခမရ(၁၀၂) ဟာ မြဝတီ - ဝေါလေ ကားလမ်းမပေါ်က ဘုရားကုန်းကို ဩဂုတ်လ ၁၉ ရက် မနက် ၃ နာရီခွဲဝန်းကျင်မှာ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာပါ။

ဒီတိုက်ပွဲမှာ ဒုတိယတပ်ကြပ်နဲ့ တပ်သားအဆင့်ရှိသူ စုစုပေါင်းနှစ်ဦးကို ဖမ်းဆီးရမိခဲ့သလို စစ်ကောင်စီတပ်ဘက်က ၂၁ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ Cobra စစ်ကြောင်း က ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေ စစ်မျက်နှာလေးခုဖွင့်ပြီး တိုက်ခိုက်လာတာကြောင့် Cobra စစ် ကြောင်းဘက်က သုံးဦး ဒဏ်ရာရခဲ့သလို မနေ့ည ၇ နာရီအထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲဟာ မနေ့က တစ်နေကုန်ဖြစ်ခဲ့သလို ဒီနေ့အထိလည်း ဆက်ဖြစ်နေတယ်လို့ Cobra စစ်ကြောင်းရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုမျိုးသူရကိုကိုက ပြောပါတယ်။

"မနေ့ကပြောတဲ့ ခြောက်ယောက် သေတယ်။ ၂၁ ယောက် ဒဏ်ရာရတယ်။ နှစ်ဦး ဖမ်းမိတယ်ဆိုတာ မနက်ပိုင်း တိုက်ပွဲပေါ့။ တစ်နေကုန် တိုက်ပွဲအခြေအနေက မသိသေးဘူး။ စစ်မြေပြင် အခြေအနေအရ တိုက်ပွဲဖြစ်ပွားနေဆဲ ဆိုတော့"

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လက်နက်၊ ကျည်ဆန်နဲ့ ဗုံးသီးတွေ သိမ်းဆည်းရမိခဲ့သလို ဒီနေ့နေ့လယ် ၂ နာရီဝန်းကျင် အချိန်အထိ မြဝတီ - ဝေါလေ ကားလမ်းမတစ်လျှောက်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီတပ်က MLRS လို့ ခေါ်တဲ့ အတွဲလိုက်ပစ်ဒုံးစနစ်နဲ့ ဖလူးလေးဒေသဘက်ကို လေးချက် ပစ်ခတ်ခဲ့တယ်လို့လည်း Cobra စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက ပြောပါတယ်။

Cobra စစ်ကြောင်းရဲ့ ပြေဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင် သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ မြဝတီ - ဝေါလေ လမ်းပိုင်းကနေ ဝင်ရောက်ဖို့ ဇူလိုင်လ ၇ ရက်နေ့ ကတည်းက ကြိုးစားနေပေမယ့် ဒီလမ်းပိုင်းမှာ Cobra စစ်ကြောင်းနဲ့ လက်ရှိအချိန်အထိ တစ်လခွဲကျော်ကြာ တိုက်ပွဲတွေ ဖြစ်နေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။