တိုက်ပွဲကြောင့် နှစ်ပတ်အတွင်း စစ်ကောင်စီတပ်သား နှစ်ရာခန့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး
2024.07.16

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေကြောင့် ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခိုလှုံလာကြတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
ဇူလိုင်လဆန်းပိုင်းကနေစလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တစတစ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ကျော် အထိရှိခဲ့ရာကနေ ဇူလိုင် ၁၄ ရက်နေ့ ညနေမှာတော့ နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် ထပ်မံထွက်ပြေး လာခဲ့ကြတာလို့ ဆိုပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့က ထွက်ပြေးလာသူတွေကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က နှင်ထုတ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ခိုလှုံခွင့်ပေးလိုက်တယ်လို့ ဒီအခြေအနေကိုသိရှိထားတဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ကော့ဆက်ဘဇား ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပထမတုန်းကတော့ ဘင်္ဂလာနယ်ခြားစောင့်ရဲက ကပ်ခွင့်မပေးဘူး။ နောက်ပိုင်းမှာတော့ Coast Guard (ကမ်းခြေစောင့်တပ်နေဗီ) က ထိန်းသိမ်းလိုက်တယ်လို့ ပြောတယ်”
ကနဦး ရောက်ရှိနေသူတွေထဲက စစ်ကောင်စီတပ်သား ၇၁ ဦးကို ဇူလိုင်လ ဒုတိယပတ်အတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မြန်မာဘက်ကို ပြန်ပို့လိုက်တယ်လို့လည်း သူက ပြောပါတယ်။ ကျန်ရှိနေတဲ့သူတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ဆက်လက်ခိုလှုံနေကြဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံ မောင်တောမြို့ဘက်မှာ ဇူလိုင်လ ၁၄ ရက် နေ့လယ်က တိုက်ပွဲတွေကြောင့် သေနတ်သံတွေ၊ လက်နက်ကြီးပစ်ခတ်သံတွေ ဆူညံနေပြီး မီးခိုးလုံးကြီးတွေ တက်လာတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကနေ မြင်တွေ့ခဲ့ကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံတာတွေ မကြာခဏရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။