မြောက်ဦး တိမ်ညိုရွာရဲစခန်းက စစ်ကောင်စီတပ်သားနဲ့ ရဲ ခုနစ်ဆယ်ကျော် ဆုတ်ခွာသွား

RFA Burmese
2023.11.15
မြောက်ဦး တိမ်ညိုရွာရဲစခန်းက စစ်ကောင်စီတပ်သားနဲ့ ရဲ ခုနစ်ဆယ်ကျော် ဆုတ်ခွာသွား မြောက်ဦးမြို့နယ် တိမ်ညိုရွာ ရဲစခန်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိမ်ညိုရွာ ရဲစခန်းက စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ခုနစ်ဆယ်ကျော်ဟာ နိုဝင်ဘာလ ၁၅ ရက် နံနက်အစော ၂ နာရီခွဲ လောက်ကတည်းက စခန်းကိုစွန့်ခွာပြီး အခြားတပ်စခန်းကို ဆုတ်ခွာသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိမ်ညိုရွာ ရဲစခန်းကနေ လင်းမြွေတောင်ပေါ်မှာရှိတဲ့ အထိုင်ချတပ်စခန်းကို ဆုတ်ခွာသွားတာဖြစ်ပြီး လက်ရှိမှာ အဲဒီစခန်းကို AA က ရှင်းလင်းနေတယ်လို့ အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ခန့်မှန်းခြေက မနက်အရုဏ် ၂ နာရီခွဲလောက်ရှိမယ်။ အင်အား ခုနစ်ဆယ်ကျော်လောက် ပါပါတယ် ရဲနဲ့ စစ်သား။ လင်းမြွေတောင်ကို ရောက်သွားပြီ။ လမ်းတွေမှာ သယ်လို့ မနိုင်တဲ့ စစ်လက်နက် အသုံးအဆောင်တွေ ပေါက်ကွဲစေတတ်တဲ့ လက်နက်ကြီး ကျည်ဆံတွေ၊ ဦးထုပ် ရဲဝတ်စုံတွေကို လမ်းမှာလွှင့်ပစ်ခဲ့ကြတယ်”

တိမ်ညိုရွာဟာ စစ်တွေ - ရန်ကုန် အာရှကားလမ်းမကြီးပေါ်မှာရှိတဲ့ တိုက်နယ်ရွာကြီးဖြစ်ပြီး မြောက်ဦးမြို့နဲ့ ၁၅ မိုင်ခန့်သာ ဝေးတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားရောက်ပူးပေါင်းတဲ့ လင်းမြွေတောင်ကတော့ တမ်ညိုရွာနဲ့ ဆယ်မိုင်ခန့်ဝေးပြီး တိမ်ညိုရွာနဲ့ မြောက်ဦးမြို့အကြား အာရှကားလမ်းမကြီးဘေးမှာ ရှိတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာရှလမ်းမကြီးအတိုင်း မဟုတ်ဘဲ လယ်ကွင်းပြင်တွေ ကနေ ဖြတ်သွားကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“၂ နာရီကျော်က ထွက်တယ်။ သူတို့ (စစ်ကောင်စီ) ထိပ်ဝပြင်ကို ၄ နာရီကျော်လောက်ဖြတ်တယ်။ တိမ်ညိုနဲ့ဆို ငါးမိုင်လောက်ဝေးတယ်။ အဲဒီမှာ ကျွန်တော်တို့ တိမ်ညိုမှာ သားသတ်သမားတစ်ယောက်နဲ့ လမ်းမှာတွေ့ပြီး ပို့ခိုင်းလို့ ပို့ပေးခဲ့တယ်”

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်ထဲက အင်အားနည်းတဲ့ ရဲကင်းစခန်းတွေကို ရုပ်သိမ်းပြီး စစ်ရေနည်းဗျူဟာအရ အခြားနေရာတွေမှာ အင်အားပေါင်းစည်းထားတယ်လို့ နိုဝင်ဘာလ ၁၄ ရက်က သတင်းမီဒီယာအချို့ကို ဖြေဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။