ခင်ဦးမှာ စစ်ကောင်စီသတင်းပေးနှစ်ဦး အသတ်ခံရပြီး ဒေသခံတွေ အဖမ်းခံရ

2021.09.16
ခင်ဦးမှာ စစ်ကောင်စီသတင်းပေးနှစ်ဦး အသတ်ခံရပြီး ဒေသခံတွေ အဖမ်းခံရ ခင်ဦးမြို့နယ်၊ သာဝတ္ထိကျေးရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဧပြီ ၁ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် လက်ပံကြီးကျေးရွာနဲ့ ကံသစ်ကျေးရွာက စစ်ကောင်စီ သတင်းပေး ဒလန် နှစ်ဦး စက်တင်ဘာလ ၁၆ ရက် ဒီနေ့မှာအသတ်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်သားတွေ ကံသစ်ရွာကို ဝင် ရောက်ဖမ်းဆီးနေတာကြောင့် တစ်ရွာလုံး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ညနေပိုင်းအထိ အနည်းဆုံး ၁၅ ဦးခန့် အဖမ်းခံလိုက်ရတယ်လို့လည်း အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီလောက်မှာ ကံသစ်ကျေးရွာက စစ်ကောင်စီသတင်းပေး အသက် ၃၀ အရွယ် ကိုတိုးလှိုင်ကို ရွာအနောက်ဘက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုးလှိုင်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ယောက်ဖဗျ၊ သူက ရွာမှာဘယ်သူဘာလုပ်တယ်ဆိုပြီး လှမ်းသတင်းပို့တာလေ၊ လိုက်ထောက်ပေးတာပေါ့ဗျာ၊ ခင်ဦးအနောက်ဘက်က ပျူစောထီးအဖွဲ့တွေနဲ့ လှုပ်ရှားနေတဲ့သူလို့လည်း သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လက်ပံကြီးကျေးရွာက ပျူစောထီးအဖွဲ့တွေကို လက်နက်နဲ့ ငွေကြေးထောက်ပံ့နေပြီး စစ်ကောင်စီ သတင်းပေးလို့ နာမည်ကြီးသူ အသက် ၅၀ အရွယ် ဦးဖိုးချောကိုလည်း ဒီနေ့ညနေ ၃ နာရီလောက်မှာ ဓားဒဏ် ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီသတင်းတွေ နှစ်ယောက် အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် တွေဟာ ကားငါးစီး အပါအဝင် ဆိုင်ကယ်တွေနဲ့ ကံသစ်ကျေးရွာထဲဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေလုပ် နေတာကြောင့် တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးတောကြီးမြွေဟောက်အဖွဲ့ကတော့ အဲဒီစစ်ကောင်စီသတင်းပေး နှစ်ဦးကို သူ့တို့အဖွဲ့က ရှင်းလင်းခဲ့တာ ဖြစ်ပြီး ဒီနေ့အထိဆိုရင် စုစုပေါင်း ၂၂ ယောက် ရှင်းလင်းပြီးပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။