တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုပေါင်း ၁၇၀၀ ကျော် ရှိခဲ့

RFA Burmese
2025.01.03
တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုပေါင်း ၁၇၀၀ ကျော် ရှိခဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသည့် ဒေသခံတစ်ဦးအား ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က ပရဟိတအဖွဲ့ဝင်တချို့ သယ်ဆောင်လာစဉ်။
PSLF/TNLA News

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ တရားလက်လွတ်သတ်ဖြတ်မှုပေါင်း ၁၇၈၇ ခုရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၃ ရက် ဒီနေ့ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ဒုတိယနဲ့ တတိယ အများဆုံးဖြစ်တဲ့ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာလည်း အရင်နှစ်ကထက် သုံးဆကျော် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ပိုတိုးလာတာလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄၃၇၂ ခုရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ၇,၃၉၄ ခုအထိ နှစ်ဆနီးပါးရှိလာတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီထဲမှာ အရပ်သားတွေအပေါ် စစ်ကောင်စီတပ်ရဲ့ တရားလက်လွတ်သတ်ဖြတ်မှုက အများဆုံးပါဝင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်နေမှုအပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလူအေးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို တိုက်ခိုက်တယ်။ စကစ အဖွဲ့ဝင်တွေဖြစ်တဲ့ စစ်တပ်၊ရဲတွေကို တိုက်ခိုက်တယ်။ ကျွန်တော်တို့ကို ပြန်မိလို စစ်သုံ့ပန်းဥပဒေကို မလိုက်နာဘဲ သတ်ပစ်လိုတာမျိုးက လက်ခံလို့ ရပေမဲ့ အခုလို အပြစ်မဲ့အရပ်သားတွေ အုပ်စုလိုက် ရမယ်ရှာသတ်ဖြတ်တာမျိုးတွေကို ကန့်ကွက်ရှုတ်ချပါတယ်။ ဒီလိုဖြစ်စဥ်တွေက ပဲခူးတိုင်း အနောက်ခြမ်းမှာ များတယ်ပေါ့။ ဒီနေ့ဆိုရင်လည်း မင်းလှဘက်မှာ အရပ်သားပြည်သူတစ်ဦးကို သတ်လိုက်ပြန်ပြီ။ ဟိုရှေ့တစ်ရက်ကလည်း မင်းလှမှာဆိုရင် ကားမောင်းသင်တဲ့ သားအဖ ကားက ဘရိတ်မမိဘူး။ သင်နေရင်းနဲ့ တားတာရပ်မပေးလို့ ဆိုပြီး ပစ်သတ်လိုက်တယ်။ ဒီလိုမျိုးတွ တရားလက်လွတ် သတ်ဖြတ်တာတွေက တော်တော်ကို များပါတယ်"

ပဲခူးတိုင်း အရှေ့ခြမ်း ဖြူးမြို့နယ်မှာလည်း ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ကြဲချတဲ့ ဒရုန်းဗုံးက ရမ်းနဂါးရွာ ဟိန္ဒူဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ခုနစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကိုလူအေးက ပြောပါတယ်။

ဒီလို ဖမ်းဆီးသတ်ဖြတ်ခံရမှု ဖြစ်စဥ်တွေထဲမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက လမ်းသွားလမ်းလာ အရပ်သားလူငယ်တွေကို သံသယနဲ့ ဖမ်းဆီးပြီးနောက် ကာကွယ်ရေးတပ်တွေက အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်တဲ့အချိန်မှာ ဖမ်းခံရသူတွေ ပြန်သတ်ဖြတ် ပြတာမျိုးတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက စစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအပေါ် ကုလသမဂ္ဂ နဲ့ နိုင်ငံတကာတရားစီရင်ရေးလမ်းကြောင်းတွေ အသုံးပြုပြီး တရားမျှတမှုရအောင် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်မေးနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့ရသူ ၄၀၆ ဦး ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။