တပ်တွင်းစည်းလုံးရေးပြိုကွဲအောင် လှုံ့ဆော်မှုတွေရှိနေကြောင်း စစ်ခေါင်းဆောင် ပြော
2023.12.08

တပ်တွင်းစည်းလုံးရေး ပြိုကွဲစေဖို့နဲ့ အင်အားချည့်နဲ့လာစေဖို့ စစ်တပ်ကို မလိုလားတဲ့ အဖွဲ့တွေနဲ့ လက်နက်ကိုင် တိုက်ခိုက်နေသူတွေက လူမှုကွန်ရက်ကတစ်ဆင့် သွေးထိုးလှုံ့ဆော်မှုနဲ့ သတင်းတု၊ သတင်းမှား ထုတ်လွှင့်မှုတွေ လုပ်လာတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၈ ရက် ဒီနေ့မှာ ပြောပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) သင်တန်းဆင်းပွဲရဲ့ သင်တန်းဆင်းမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ဒီလိုလှုံ့ဆော်မှုတွေရှိတာကြောင့် တပ်တွင်းစည်းရုံးရေးကို ကျစ်လျစ်သေချာစွာ တည်ဆောက်ဖို့နဲ့ တပ်ပြင်စည်းရုံးရေးပါ လုပ်ဆောင်နိုင်ဖို့ ပြောဆိုပါတယ်။
လက်ရှိမှာတော့ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေပြင်းထန်နေသလို တော်လှန်ရေး အင်အားစုတွေဘက်ကလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘက်ပြောင်းခိုလှုံကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ရှိနေတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လတည်းမှာတင် စစ်တပ်က လက်နက်ချလာသူ ၃၇၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၅၆ ဦး စုစုပေါင်း ၄၃၃ ဦးအထိ ရှိနေတာပါ။ တိုက်ပွဲအတွင်းဖမ်းမိတဲ့ စစ်သုံ့ပန်းကတော့ တစ်ရာခန့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက RFA ကို ပြောထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် နိုင်ငံအနှံ့က တိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီတပ်က နယ်မြေတချို့နဲ့ မြို့တချို့ကို စွန့်လွှတ်လိုက်ရသလို တပ်စခန်းအများအပြားကိုလည်း သိမ်းပိုက်ထားနိုင်ပြီလို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၁ ရာစု ခေတ်သစ်စစ်ပွဲတွေဟာ အကန့်အသတ်အတားအဆီးမဲ့ပုံစံနဲ့ အရပ်မျက်နှာအမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးကနေ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တိုက်ခိုက်လာပြီး တိုးတက်လာတဲ့ ခေတ်မီစစ်လက်နက် ပစ္စည်းတွေကြောင့် ပြောင်းလဲသွားမယ့် စစ်ပွဲရဲ့ ပုံစံနဲ့ စစ်ဗျူဟာတွေကို ကြိုတင် မျှော်တွေးထားကြဖို့ ဒီနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။