စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ခုခံမှုတွေ ပိုများလာ
စစ်ကိုင်းတိုင်း မင်းကင်း၊ ကနီ၊ ယင်းမာပင်နဲ့ မကွေးတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီဘက်က အင်တာ နက်ဖြတ်တောက်ပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်နေသလို ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်ကလည်း ပြန်လည်ခုခံဖို့ ပြင်ဆင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့က မင်းကင်း နွေဦးတော်လှန်ရေးလို့ အမည်ပေးထားတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စစ်တပ်ကို ထောက်ခံတဲ့ ပျူစောထီးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေများတဲ့ မင်းကင်းမြို့နယ်အတွင်း ဒေသခံ PDF တပ်ဘက်က စစ်ရေးလေ့ကျင့်နေပုံကို ဗီဒီယိုဖိုင်နဲ့တကွ ဖော်ပြထားပါတယ်။
အလားတူ စစ်တပ်က အင်အားသုံးဖြိုခွင်းနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကနီမြို့နယ်တွေမှာလည်း ဆင်တွေနဲ့အတူ လူထုလူတန်းစား အလွှာပေါင်းစုံပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံဆန္ဒပြနေတဲ့ ဗီဒိယိုဖိုင်တွေ မနေ့က လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အမြင်သဘောထားသိနိုင်ဖို့အတွက် စစ်ကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
အခုနောက်ဆုံးရရှိတဲ့ သတင်းတွေအရ စစ်ကိုင်းတိုင်းထဲက ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ရေဦး၊ တန့်ဆည်နဲ့ ဘုတလင် မန္တလေးတိုင်းထဲက မြင်းခြံနဲ့ မိုးကုတ်၊ မကွေးတိုင်း တောင်တွင်းကြီးနဲ့ ကချင်ပြည်နယ် ဖားကန့် မြို့နယ်တွေမှာ စစ်တပ်ဘက်က မိုဘိုင်းဒေတာသုံး အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်တပ်ဟာ အာဏာရှင်ခုခံရေး လှုပ်ရှားမှုတွေကို ဖိနှိပ်ဖြိုခွင်းမှုတွေ မလုပ်ခင်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်လေ့ရှိတာကြောင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ နှစ်ဖက်အခြေအနေတွေ ပိုတင်းမာလာနိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။