ရွှေဘိုမြို့နယ်ထဲက ရွာတစ်ချို့ကို စစ်ကောင်စီ ဝင်ရောက်စီးနင်း

2021.08.16
ရွှေဘိုမြို့နယ်ထဲက ရွာတစ်ချို့ကို စစ်ကောင်စီ ဝင်ရောက်စီးနင်း စစ်ကောင်စီ တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ တည်သီးတောရွာကို ၂၀၂၁ သြဂုတ် ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲက ရွာတစ်ချို့ကို စစ်ကောင်စီတပ်တွေက တစ်ပတ်ကျော်ကြာ ဝင်ရောက်စီးနင်း ထားလို့ လူနှစ်ထောင်ကျော် ထွက်ပြေးနေရပြီး သြဂုတ်လ ၁၆ ရက် ဒီကနေ့မှာ ရုံးတောရွာက သက်ကြီးရွယ်အို နှစ်ယောက် တောထဲမှာ တိမ်းရှောင်ရင်းကနေ ဖျားနာပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ ညနက်ပိုင်းလောက်က တည်သီးတောရွာကို စစ်ကောင်စီ တပ်သားတွေနဲ့ ဒေသခံ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခဲ့ကာ ရွာဘုန်းကြီးကျောင်းမှာ သူတို့ တပ်စွဲထား ပါတယ်။

အဲဒီရွာရဲ့ အနီးအနားက ညောင်ကိုင်း၊ မင်းပေး၊ ညောင်ပင်လှ၊ ပေါက်ချိုင့်နဲ့ ရုံးတော စတဲ့ ရွာတွေကိုလည်း နောက်ရက်တွေမှာ ဝင်ရောက်စီးနင်းနေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“၁၁ ရက်နေ့တုန်းကတည်းက တပ်စွဲပြီး နေ့တိုင်း၊ နေ့တိုင်း မွှေတာပဲ။ ကျမတို့ အိမ်တွေရောပါတယ်။ မအိပ်လည်း မအိပ်ရဘူး။ တောထဲ ထွက်ပြေးတော့ တောထဲကိုလည်းနင်းရှာတော့ ဘယ်ပြေးလို့ ပြေးရမှန်းမသိဖြစ်နေတာ။ ဒီမှာလည်း ထမင်းလည်းမစားရဘူး။ တစ်နေကုန် ဒုက္ခရောက်တာ။ အခုချိန်ထိ အိမ်မပြန်ရသေးဘူး။ သူတို့တွေက တပ်စွဲထားတုန်းဆိုတော့လေ”

သြဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်း ညောင်ကိုင်းကျေးရွာကို ဝင်ရောက်စီးနင်းစဉ်မှာ သေနတ် ၁၅ ချက်လောက် ပစ်ခတ်ခဲ့လို့ ရွာသားသုံးယောက် သေနတ်ဒဏ်ရာရခဲ့ပြီး နောက်ထပ် ညောင်ကိုင်းရွာသား ရှစ်ယောက်ကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်သားအင်အားက ကားတစ်စီးနဲ့ လူဆယ်ယောက်လောက်ပါပြီး၊ ပျူစောထီးအင်အား ၃၀ လောက်နဲ့ ရွာတွေကို ဝင်ရောက်စီးနင်းတာဖြစ်သလို အချုပ်ကားတစ်စီးလည်း အသင့်မောင်းနင်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ရွာတွေထဲက နေအိမ်တွေမှာ လူတွေမရှိတော့တာမို့ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးတာ၊ နေအိမ်တွေမှာ မွေးထားတဲ့ ကြက်၊ ဝက်၊ ဘဲတွေကို ဖမ်းဆီးသတ်ဖြတ် စားသောက်တာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာထဲကို ဝင်စီးရာမှာ အလွယ်တကူ ထွက်ပြေးလို့မရအောင် ဆိုင်ကယ်လမ်း၊ ကားလမ်းတွေကို ပိတ်ထားလိုက် တာကြောင့် ပြေးတဲ့လူတွေက ခြေလျင်နဲ့ထွက်ပြေးနေရပြီး မိုးတွင်းကာလဖြစ်တာကြောင့် တောထဲမှာ ဒုက္ခမျိုးစုံကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်ထဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကားတွေကို မကြာသေးခင်ရက်ပိုင်းတွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာတွေလုပ်ခဲ့လို့ တစ်ချို့သေဆုံးထိခိုက်ဒဏ်ရာတွေ ရခဲ့ကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။