ပြန်လွတ်လာသူထဲက လူပေါင်း ၁၁၀ ထက်မနည်း ထပ်မံဖမ်းဆီးခံရ

နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ စာရင်း မှတ်တမ်းအရ လွတ်မြောက်ပြီး ပြန်လည်ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ ၁၁၀ ဦးရှိတယ် လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ ဒါဟာ လတ်တလောရရှိတဲ့စာရင်းဖြစ်ပြီး အမှန်တကယ် ပြန်ပြီး အဖမ်းခံရတဲ့ အရေအတွက်ဟာ အဲဒီထက်ပိုများတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။
နောက်ထပ် ကျန်နေနိုင်သေးတဲ့အရေအတွက်ကို RFA ကလည်း ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။ လတ်တ လော စုံစမ်းရရှိမှုအရ ပြန်လည်ဖမ်းဆီးခံရသူတွေထဲမှာ ရန်ကုန်မြို့၊ မန္တလေး၊ မိတ္ထီလာ၊ မုံရွာတို့က နိုင်ငံရေး အကျဥ်းသားတွေ ပါဝင်ပါတယ်။
ပြန်လွတ်လာသူတွေအထဲမှာ တချို့က ထောင်ဘူးဝမှာပဲ ပြန်လည်ဖမ်းဆီးခံခဲ့ရတာဖြစ်သလို အချို့ကလည်း မိသားစုထံပြန်ရောက်ပြီး နာရီပိုင်းအတွင်း ထပ်မံဖမ်းဆီးခံခဲ့ရတာလို့ မိသားစုဝင်တွေက RFA ကို ဒီနေ့ပြော ပါတယ်။
ပြန်လည်ဖမ်းဆီးခံရသူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့် ခံထားရသူတွေဖြစ်လို့ အခုအချိန်မှာ ရဲစခန်းအချုပ်တွေထဲမှာ ဆက်လက်ထိန်းသိမ်းထားကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က မိတ္ထီလာအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၈ ဦးကို လွှတ်ပေးခဲ့ပြီးနောက် မလေးလေးနိုင် အပါအဝင် လူ ၁၁ ဦးကို ထောင်ဘူးဝမှာတင် ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မလေးလေးနိုင်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျမတို့ အရမ်းခံစားရတာပေါ့။ ကျမအမေဆိုရင် အသက် ၈၄ နှစ်။ ကျန်းမာရေးကလည်း မကောင်းဘူး။ ကျမကိုယ်တိုင်လည်း ကျန်းမာရေးက မကောင်းဘူး။ စိတ်ထဲမှာ တအား စိတ်ဒဏ်ရာရတယ်။ မိသားစုဝင် အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ရတော့မယ်ဆိုပြီး သွားကြိုတယ်။ ကြိုတဲ့အချိန်မှာ အဲဒီမြင်ကွင်းကို လှမ်းမြင်လိုက်ရုံပဲရှိတယ်။ ကျမတို့ ဘာမှလည်း ပြောခွင့်မရဘူး။ စခန်းမှူးကို တွေ့ခွင့်တောင်းတော့လည်း လုံးဝတွေ့ခွင့်မပေးဘူး။ အရမ်းခံစားရတယ်”
ကနဦးဖမ်းဆီးခံခဲ့ရတဲ့ လူ ၁၁ ဦးထဲက လေးဦးကို နောက်တစ်ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်ခုနစ်ဦး ကတော့ ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မလေးလေးနိုင်ဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က မိတ္ထီလာမြို့မှာ စတင်ဖမ်းဆီးခံခဲ့ရပြီးနောက် ဇွန်လ ၄ ရက် နေ့မှာ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ မိတ္ထီလာအကျဉ်းထောင်မှာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသူပါ။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က မန္တလေး အိုးဘိုအကျဉ်းထောင်ကပြန်လွတ်လာတဲ့ ပြင်ဦးလွင်မြို့နယ်က လူ ၆၀ ထဲက အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း လေးဦးကို ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
သူတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံဖမ်းဆီးလိုက်တာလို့ အိုးဘိုအကျဉ်းထောင်က ပြန်လွတ် လာတဲ့ ကိုဇော်မျိုးထက်က ပြောပါတယ်။
"မေလ ၁၁ ရက်နေ့က အဖမ်းခံရတယ်။ အဖမ်းခံရပြီး ကျွန်တော်တို့က ၅၀၅ နဲ့ပဲ အဖမ်းခံရတာပေါ့။ ပုဒ်မ ရုပ်သိမ်းတယ်ဆိုတော့ ကျနော်တို့ ဒီ ၁၉ ရက်နေ့က လွတ်လာတယ်။ ကျနော်တို့အမှုတွဲမှာ မိန်းကလေး နှစ်ယောက်ပါတယ်။ ယောက်ျားလေးက ခြောက်ယောက်ပါတယ်။ ခြောက်ယောက်မှာ ငါးယောက်ကတော့ လွတ်လာခဲ့ပြီ။ တစ်ယောက်ကတော့ သူ့ကိုစခန်းက လိုက်ပို့ပေးမယ်။ အိမ်ကလာမကြိုဘူးဆိုပြီးထားခဲ့ တာ။ ကျနော်တို့ ပြင်ဦးလွင်ပြန်ရောက်လာတဲ့အချိန်မှာ ရှေ့နေကနေဖုန်းဆက်တော့ သူ့ကို အမှုနဲ့ နောက် ထပ်ထပ်ဖွင့်ထားတယ်တဲ့။ နောက်ထပ် မိန်းကလေး တစ်ယောက်၊ ယောက်ျားလေး နှစ်ယောက်ရယ်။ သုံးယောက်ကိုလည်း ထပ်ဖမ်းထားတယ် ပြောတယ်။ အားလုံးပေါင်း လေးယောက်ကို ပြန်ဖမ်းထားတာ ပေါ့။ သူတို့က အကြမ်းဖက်မှုနဲ့ ဖမ်းထားတာပေါ့။ တကယ်တော့ သူတို့က အကြမ်းဖက်မှုတွေထဲလည်း မပါဝင်ထားဘူးဗျ"
ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ပြင်ဦးလွင်မြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်သားတွေက ဖြိုခွင်းရာမှာ ကိုဇော်မျိုးထက်၊ ကိုတေဇာအောင် အပါအဝင် ရှစ်ဦး ဖမ်းဆီးခံ လိုက်ရပါတယ်။
သူတို့အားလုံးကို ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(က) နဲ့ တရားစွဲဆိုခဲ့ပြီးနောက် အောက်တိုဘာ ၁၉ ရက် မှာတော့ ပြန်လွှတ်ပေးခဲ့ပေမဲ့ သူနဲ့အတူဖမ်းဆီးခံခဲ့ရတဲ့ ကိုတေဇာအောင် ကိုတော့ ထောင်အပြင်အရောက်မှာ ပဲ ရဲတွေက ပြန်လည်ဖမ်းဆီးသွားကြတာလို့ ကိုဇော်မျိုးထက် က ပြောပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာသူတွေထဲက အချို့ကို အပြင်မှာ ရဲတွေက လိုက်လံ ရှာဖွေနေတာတွေကြောင့် တိမ်းရှောင်နေရသူတွေလည်းရှိနေတယ်လို့ သူက ပြောပါတယ်။

အကျဉ်းထောင်ကနေ ပြန်လွတ်လာပြီး နေအိမ်အရောက်မှာ ပြန်အဖမ်းခံရသူတစ်ဦးကတော့ ရန်ကုန်မြို့က ကိုသက်ပိုင်ထွေးပါ။
ကိုသက်ပိုင်ထွေးဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲဆိုခံခဲ့ရပြီးနောက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က အင်းစိန်အကျဉ်းထောင်က ပြန်လွတ်လာခဲ့တာပါ။
ဒါပေမဲ့ သူ့ရဲ့နေအိမ်မှာ အချိန် ၄၅ မိနစ်လောက်သာနေခဲ့ရပြီး ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုသက်ပိုင်ထွေးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“အခုက လူက အစအနပျောက်နေတယ်။ အင်းစိန်ရဲစခန်းမှာလည်း မရှိဘူး၊ ထောင်မှာလည်းမရှိတော့ ဘယ်လိုက်ရှာရမလဲမသိဘူး။ ၂၂ ရက် ထောင်ပြန်ဖွင့်မှပဲ ထောင်ပေါက်ဝမှာ သွားစုံစမ်းရမှာပေါ့၊ သူ့ကို ပြန်ဖမ်းတာကို ဘယ်လိုအကြောင်းပြချက်ပေးလဲဆိုတော့ မှားပြီး လွှတ်လိုက်လို့ ပြန်ဖမ်းတာလို့ ပြော တယ်။ သူမှာ ၅၀၅ (က) ပဲရှိတယ်။ ပြောရမယ်ဆိုရင် ထောင်ကနေအိမ်ထိ နာရီဝက်၊ လေးဆယ်ငါးမိနစ် လောက်ပဲ တွေ့ရတယ်”
ကိုသက်ပိုင်ထွေးဟာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ပြီးခဲ့တဲ့မေလလောက်က သင်္ကန်းကျွန်း မြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ညီဖြစ်သူကလည်း အလားတူဖမ်းဆီးခံထားရတယ်လို့ မိသားစုဝင် တွေက ပြောပါတယ်။
"ပြည်တွင်းပြည်ပက အယုံအကြည်နည်းလာတဲ့အချိန်မှာ အခုလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ရာဇဝတ်မှုထပ်ကျူးလွန်တာ"
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကအဖွဲ့က ကိုခန့်ဇင်ကိုဟာလည်း အကျဉ်းထောင်က ပြန်လွတ်လာ ပြီးမှ အလားတူ ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။
ဒါဟာ စစ်ကောင်စီအနေနဲ့ အပေါ်ကချမှတ်တဲ့အမိန့်နဲ့ အောက်ခြေက ဆောင်ရွက်ချက်တွေ လွဲမှားနေတာကို ပြသနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုခန့်ဇင်ကိုရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“အမှတ် (၁) မြို့မစခန်းထဲက လွတ်မယ့်အထဲမှာပါတယ်။ အပြင်မှာ ခဏထွက်ထိုင်နေတယ်။ ပြီးတော့ ပြန်ခေါ် သွားပြီးထည့်လိုက်တယ်။ မနေ့ကတော့ မြို့တော်ခန်းမ စစ်ကြောရေးမှာ SB က စစ်ဖို့လုပ်တယ်။ အမျိုးမျိုးပြောနေတဲ့အသံတွေက ကြားနေရတယ်။ မသေချာတော့ မပြောရဲဘူး၊ အရင်အမှုက ၅၀၅ (က) နဲ့ပါ။ အစကတည်းက သိပ်မမျှော်လင့်ဘူး၊ မမျှော်လင့်ဘဲနဲ့ ဖြစ်လာတော့ဝမ်းသာတယ်။ ဒါပေမဲ့ ဒီတိုင်း ပြန်ဖြစ်သွားတော့ အပေါ်ကလုပ်နေတယ်။ အောက်ကလည်း လုပ်ချင်ရာလုပ်နေတယ်"
ပြီးခဲ့တဲ့ ဇွန်လလောက်က ကိုခန့်ဇင်ကိုရဲ့နေအိမ်ကို စစ်တပ်နဲ့ရဲက ရောက်ရှိလာပြီး ဖခင်ဖြစ်သူကိုရှာမတွေ့လို့ သားဖြစ်သူ ကိုခန့်ဇင်ကို ကို ဖမ်းဆီးသွားတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ကိုခန့်ဇင်ကိုလိုပဲ မုံရွာမြို့က နောက်ထပ် ဗကသကျောင်းသားဟောင်းတစ်ယောက်လည်း လွတ်တဲ့စာရင်းထဲ မှာ ပါဝင်ခဲ့ပေမဲ့ ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်လာတဲ့သူတွေကို ထပ်မံဖမ်းဆီးနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမဲ့ အကြောင်းမပြန်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ကနဦး မေးမြန်းခဲ့ရာမှာတော့ အခုလို ထောင်ကလွတ်လွတ်ချင်း ပြန်လည်ဖမ်းဆီးတဲ့ကိစ္စကို သူ့အနေနဲ့ အသေးစိတ် မသိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးထွန်းကြည်ကတော့ အခုလို စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ကြေညာပြီး အကြောင်းအမျိုးမျိုးနဲ့ ပြန်ဖမ်းသွား တာဟာ အပြောနဲ့ အလုပ် မညီညွတ်နဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့ လွှတ်ပေးတဲ့အချိန်မှာ ပြောခဲ့တဲ့ သီတင်းကျွတ် အခါသမယတို့ ပြည်သူလူထုရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းဖို့တို့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတယ်တို့ အဲဒါတွေအားလုံးက မုသာဝါဒပဲ။ အားလုံးက အလိမ်အညာတွေချည်းပဲ။ အလိုလိုကမှ ပြည်တွင်း၊ ပြည်ပက အယုံအကြည်နည်းလာတဲ့ အချိန်မှာ အခုလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ရာဇဝတ်မှုထပ်ပြီးတော့ ကျူးလွန်တာ”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ အစကတည်းကလွှတ်ပေးဖို့ ဆန္ဒမရှိလို့ဖြစ်နိုင်ပြီး နိုင်ငံတကာဖိအားတွေနဲ့ ပြည်တွင်း ဖိအားတွေကိုမခံနိုင်လို့ လွှတ်ပေးရတာလို့ မြင်ကြောင်း ပြောပါတယ်။
ပြန်လွှတ်ပေးမယ်လို့ပြောပြီး ထောင်ဗူးဝရောက်မှ ထပ်မံဖမ်းဆီးခံရတာ ဒါမှမဟုတ် မိသားစုနဲ့ နာရီပိုင်း လောက်သာနေရပြီး ထပ်မံဖမ်းဆီးခြင်းခံရတာတွေဟာ ကာယကံရှင်နိုင်ငံရေးအကျဉ်းသားကိုသာမက မိသားစု ကိုပါ စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ခံစားချက်ကို ဖြစ်စေနိုင်တယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင် ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ရဲစခန်းတွေမှာ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၃၁၆ ယောက်နဲ့ အမှုရင်ဆိုင်နေရသူ ၄၃၂၀၊ စုစုပေါင်း ၅၆၃၆ ဦးကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်က ကြေညာ ခဲ့တာဖြစ်ပါတယ်။