စစ်ကောင်စီက လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေမယ့် ပြန်အဖမ်းခံရသူတွေရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အောက်တိုဘာလ ၁၈ ရက်မနေ့က လွတ်လာသူ ၃၈ ဦးရှိပေမယ့် ၁၀ ဦးထက်မနည်းကို ထောင်အထွက်မှာပဲ ပြန်ဖမ်းသွားတယ် လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ပြန်လွတ်မယ်ဆိုလို့ ထောင်ရှေ့မှာသွားစောင့်နေပေမယ့် ထောင်ကနေတန်းပြီး ရဲစခန်းကိုပြန်ခေါ်သွားကြ တယ်လို့ ပြန်အဖမ်းခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မိတ္တီလာမြို့နယ် အမှတ် (၁) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင်ရဲ့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“၃၈ ဦး လွတ်မယ်ဆိုလို့ သွားစောင့်ကြိုနေတာ၊ လွှတ်မယ့်စာရင်းမှာလည်း တွေ့တယ်၊ တော်တော်နဲ့ မမြင်ရသေးပေမယ့် အစည်းအဝေးခန်းထဲမှာ ရှိနေတာကိုလည်း သိရတယ်၊ တကယ်လွတ်လာချိန်မှာ ပါမလာတော့ အသိတွေကို မေးကြည့်တော့ ထောင်ကနေအထွက်မှာပဲ ရဲတွေပြန်ဖမ်းသွားတယ်လို့ ပြောတယ်၊ ရဲစခန်းကို ဆက်လိုက်သွားပြီး ည ၈ နာရီထိ စောင့်ပေမယ့် ဘာမှမထူးလို့ ပြန်လာခဲ့ရတယ်” လို့ မိသားစုဝင်က ဆိုပါတယ်။
ဦးလွင်မောင်မောင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး မေလ ၁၂ ရက်နေ့မှာ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပေမယ့် အခြားပုဒ်မတွေနဲ့ ထပ်မံစွဲဆိုထားတာမျိုး မရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
လွတ်မြောက်လာပြီးနောက် ပြန်လည်ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ ဦးသက်မောင်မောင်၊ ဦးဝေမျိုးအောင်၊ ဦးသီဟကျော်နဲ့ ဦးနန္ဒတို့ ပါဝင်ပြီး အများစုက NLD ပါတီဝင်တွေဖြစ်ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရပြီး အကျဉ်းကျနေသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း အောက်တိုဘာလ ၁၈ ရက် မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။