ချင်းနဲ့ ရှမ်းပြည်နယ်က အဖမ်းခံထားရသူ ၅၃ ဦးပြန်လွတ်

2021.10.19
ချင်းနဲ့ ရှမ်းပြည်နယ်က အဖမ်းခံထားရသူ ၅၃ ဦးပြန်လွတ် စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်လာသူတွေကို လားရှိုးထောင်ရှေ့မှာ ၂၀၂၁ အောက်တိုဘာလ ၁၉ ရက်က ‌တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွှတ်ပေးတဲ့အထဲမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် အဖမ်းခံထားရတဲ့ ချင်းပြည်နယ်က ဒေသခံ ၁၄ ဦးလည်းပါဝင်ပြီး အောက်တိုဘာ ၁၉ ရက် ဒီနေ့မှာပဲ ပြန်လွတ်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု ပြန်လွတ်လာသူတွေထဲမှာ ဟားခါးမြို့က ၁၁ ဦး၊ ဖလမ်းမြို့က တစ်ဦးနဲ့ တီးတိန်မြို့ကနှစ်ဦး ပါဝင်ပြီး သူတို့ဟာ စစ်တပ်ကဖမ်းဆီးပြီး တပ်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရ သူတွေဖြစ်ပါတယ်။

လက်ရှိ ဟားခါးမြို့မှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်ခံရသူခုနစ်ဦး၊ မတူပီမြို့မှာ ၅၀၅ (က) အပြင် ၅၀၅ (ခ) နဲ့ပါ ဖမ်းဝရမ်းထုတ်ခံထားရသူခြောက်ဦး၊ ဖလမ်းမြို့မှာ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရသူ သုံးဦးနဲ့ ဝရမ်းထုတ်ခံထားရသူနှစ်ဦး၊ မင်းတပ်မြို့မှာ ၅၀၅ (က) အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲဆိုခံထားရသူ နှစ်ဦး ရှိပါတယ်။

ဒါ့အပြင် ချင်းငြိမ်းချမ်းရေးစင်တာ (CCPR) ရုံးက ဝန်ထမ်းနှစ်ဦးကိုလည်း စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးပြီး တရားစွဲဆိုထားပါတယ်။

ချင်းပြည်နယ်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတာကြောင့် အဖမ်းခံထားရသူ စုစုပေါင်း ၂၄၈ ဦးရှိပြီး အများဆုံးက ဟားခါးမြို့ကဖြစ်ပါတယ်။

အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးအကျဉ်းထောင်ကလည်း ဒီကနေ့ ၃၄ ဦး လွတ်မြောက်လာသလို သီပေါအကျဉ်းထောင်ကနေလည်း ငါးဦး လွတ်မြောက်လာပါတယ်။

လားရှိုးထောင်က လွတ်မြောက်လာတဲ့အထဲမှာ တပ်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံ ထားရတဲ့ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၁၀ ဦးပါဝင်ပြီး မူဆယ်မြို့ကနှစ်ဦး၊ လားရှိုးမြို့ရှစ်ဦး၊ မိုးမိတ်မြို့ ကခြောက်ဦး၊ နောင်ချိုမြို့ကခုနစ်ဦးနဲ့ ကျောက်မဲမြို့က ၁၁ ဦးဖြစ်ပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ ကျောက်မဲသတင်းစုံက မစုစုလှိုင်အပါအဝင် သူငယ်ချင်းတွေအပြင် နောင်ချိုမြို့ နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြင့်သန်းတို့အဖွဲ့နဲ့ လားရှိုးက ကချင်သင်းအုပ်ဆရာတို့လည်း ပါဝင်ပါတယ်။

ဒီကနေ့မှာပဲ သီပေါအကျဉ်းထောင်ကနေလည်း လွတ်မြောက်လာသူ အမျိုးသားငါးဦးရှိပြီး ရဲစခန်းမှာအချုပ် ကျနေသူတွေထဲက တချို့လည်း ပြန်လွတ်မယ်လို့ အဖမ်းခံထားရတဲ့ မိသားစုဝင်တွေထံကသိရပါတယ်။

အောက်တိုဘာလ ၁၈ ရက် မနေ့ကလည်း သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရပြီး ထောင်ဒဏ်ချခံထားရတဲ့ အမျိုးသားကိုးဦးနဲ့ အမျိုးသမီးနှစ်ဦး ပြန်လည် လွတ်မြောက် လာပါတယ်။

လားရှိုးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်ဟိန်ကတော့ စစ်ကောင်စီရဲ့လွတ်ငြိမ်းသက်သာခွင့်ထဲမှာ မပါဝင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။