ရွေးကောက်ပွဲဖြစ်အောင် ကြိုးပမ်းရမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြော
2023.01.24

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရေးပေါ်သက်တမ်း နှစ်နှစ်ပြည့်မယ့် စစ်ကောင်စီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကိုပြင်ဆင်ဖို့နဲ့ အရေးပေါ် ကာလပြီးချိန် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ တာဖြစ်ပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ အပြင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ အကြံပေးသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌက ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာလွှဲပေးဖို့ ကြိုတင် ဆောင်ရွက်မှာဖြစ်ပြီး ဘယ်အခြေနေမှာမဆို ရွေးကောက်ပွဲဖြစ်မြောက်ရေး ကြိုးပမ်းရ မယ်လို့ အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ လာမယ့်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ လုပ်မယ်လို့ ပြောဆိုထားပြီး ဇန်နဝါရီလ ၉ ရက်နေ့ကစလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေ စာရင်း ကောက်ယူနေတာပါ။
၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် အရပ်ဘက်အဖွဲ့တွေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့တွေကတော့ အဲဒီရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြောထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ အိမ်ထောင်စုလူဦးရေစာရင်း စတင်ကောက်ယူတဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ နှစ်ပတ်ကျော်အတွင်း လူဦးရေစာရင်းကောက်ယူတဲ့အဖွဲ့တွေနဲ့ ရုံးဌာနတွေ (၂၉) ကြိမ် တိုက်ခိုက်ခံရပြီး ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပါတယ်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ အာဏာသိမ်းပြီး အရေးပေါ်ကာလ နှစ်နှစ် ပြည့်ချိန်ကနေ နောက်ထပ်ခြောက်လအတွင်းမှာ ရွေးကောက်ပွဲအသစ် လုပ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။