ခင်ဦးမြို့ ပျဉ်ထောင်ရွာထဲ စစ်တပ်ဝင်ပစ်ခတ်၊ ငါးနှစ် ကလေး အပါအဝင် လေးဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့က ပျဉ်ထောင်ရွာကို အောက်တိုဘာလ ၁ ရက် မနေ့က မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေဟာ အရပ်သုံးမျက်နှာကနေ စစ်ကြောင်းသုံးကြောင်းခွဲဝင်လာပြီး ပစ်ခတ်နှိမ်နင်း နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြောက်လန့်တကြား ထွက်ပြေးတဲ့သူတွေကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တာကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် လေးဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရပါတယ်။
အသက် ၅ နှစ်အရွယ် မမျိုးသန္တာလှိုင်၊ အသက် ၂၈ နှစ်အရွယ် ကိုအောင်ဦး၊ အသက် ၃၀ အရွယ် ကိုထွန်းစီနဲ့ အသက် ၄၅ နှစ်အရွယ် ဦးပုချို တို့ လေးဦး သေဆုံးသွားရတာဖြစ်ပြီး၊ ဒေါ်ပုဆိုသူ ဒေသခံ အမျိုးသမီးတစ်ဦး ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အိမ်ရှိလူကုန် အကုန်ပြေးကြတာပေါ့ဗျာ ကလေး၊ လူကြီးပါမကျန်။ အဲဒီလိုပြေးတဲ့အခါမှာ သူက အပေါ် ထောင်ဖောက်တင် မဟုတ်ဘဲနဲ့ ပြေးတဲ့သူတွေပါ လိုက်ပစ်တယ်။ နောက်ပြီးကြတော့ အဲဒီပြေးတဲ့လမ်း ထိပ်တိုက်တွေ့တယ်ဆိုတဲ့လူတွေ မနေ့က ငါးဆယ်လောက်။ အဲဒီမှာ မနက်ခင်းပိုင်းမှာပေါ့။ အဲဒီခါမှာ မနေ့ကဖြစ်စဉ်မှာဆိုရင် အသက်မပြည့်တဲ့ ကလေးပေါက်စလေးဗျာ။ ဘယ်သူက လက်ခံနိုင်မှာတုန်း”
သေဆုံးသွားခဲ့သူ လေးဦးထဲက သုံးဦးကို မနေ့က ပျဉ်ထောင်ရွာမှာပဲ သင်္ဂြိုဟ်ခဲ့ပြီး ကျန်တစ်ဦးကို ဒီနေ့ နေ့လယ်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
"ဒီလိုမျိုးတွေတစ်ခါမှ မကြုံဖူးသလို ဒီလိုမျိုးအကြမ်းဖက်တာတွေ မခံရစားရဖူးတော့ ဝမ်းလည်းနည်းပါတယ်"
ဒဏ်ရာပြင်းထန်နေတဲ့ ဒေါ်ပုကိုတော့ မြို့ပေါ်ကဆေးရုံကိုပို့ပြီး ကုမယ်ဆိုရင် ဖမ်းဆီးခံရမှာကြောက်လို့ လုံခြုံတဲ့နေရာမှာထားပြီး ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။
မနေ့က စစ်ကောင်စီ ဝင်ရောက်စီးနင်းချိန်မှာ ဒေသခံရွာသား အယောက် ၅၀ လောက်ကိုလည်း ဖမ်းဆီးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသားတွေဘက်က ပြန်ခုခံမှာစိုးတာကြောင့် စစ်ကောင်စီဘက်က အဲဒီဒေသခံ ၅၀ လောက်ကို ဓားစာခံအနေနဲ့ ဖမ်းခဲ့တာဖြစ်ပြီး နောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ရွာကပြန်ဆုတ်ခွာသွားချိန်မှာတော့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
မနေ့က ပျဉ်ထောင်ရွာဖြစ်စဉ်မှာ လူသေဆုံးမှုအပြင် နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရတဲ့အပြင် နေအိမ်တစ်ချို့လည်း ဖျက်ဆီးခံခဲ့ရပါတယ်။
ရွာမှာရှိတဲ့ ဆိတ်ခြံထဲက ဆိတ်တွေ အသတ်ခံရပြီး ဆိတ်တစ်ချို့ကို စစ်ကောင်စီ တပ်သားတွေက ယူသွား တယ်လို့လည်း ပျဉ်ထောင်ရွာခံတွေက ပြောပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ရွာထဲမှာ သင်တန်းပေးနေတယ်ဆိုတဲ့ ဒလန်သတင်းပေးတွေရဲ့ မှားယွင်းသတင်းပေးမှုကြောင့် စစ်ကောင်စီတပ်သားတွေ အခုလို ဝင်ရောက်စီးနင်းခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီရွာမှာ PDF တွေရှိတယ် သင်တန်းပေးနေတယ်ပုံစံမျိုးနဲ့ပြောတာ။ ကျနော်တို့ဆီမှာက လယ်ကွင်းတွေပဲ ရှိတာဗျာ။ ကိုယ့်တောင်သူပဲ ကိုယ်လုပ်တာ အားလုံး ရေဝင်တောတွေဖြစ်တဲ့အတွက် ရွှေဘို ဘေးကြား အားလုံးစိုက်ကြတယ်။ ကိုယ့်တောင်သူပဲ ကိုယ်လုပ်နေတယ်။ အဲဒီလိုလုပ်နေတဲ့ တောင်သူတွေကို ရိုးရိုး သားသား လုပ်ကိုင်နေတဲ့ တောင်သူတွေကို ဒလန်က သတင်းပေးတိုင်ကြားတိုင်း သူတို့က အင်အားအလုံး အရင်းနဲ့ တွေ့တဲ့ဟာတွေ အကုန်ပစ်သတ်သွားတာ။ ဒီရွာမှာ သင်တန်းပေးတာလည်း မရှိဘူး။ PDF လည်း မရှိဘူး။ ဘာမှမရှိဘူး။ PDF တွေက ရွာထဲလာနေပါ့မလား။ သူဟာသူ တောထဲသွားနေမှာပေါ့။ ကျုပ်တို့ ဆီမှာ တောဆိုလို့ သစ်ပင်ကြီးကြီးဆိုလို့ လက်တစ်ဆုပ်စာတောင်မရှိဘူး”
စစ်ကောင်စီတပ်သားတွေဟာ ပျဉ်ထောင်ရွာကိုစီးနင်းပြီး အပြန်လမ်းမှာ တဲစုရွာကိုလည်း ဝင်ရောက်ခဲ့ ပါတယ်။
အဲဒီရွာမှာရှိတဲ့ ဓာတ်ဆီဆိုင်၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ အဖျော်ယမကာဆိုင်တွေက စားသောက်စရာ၊ ဘီယာဗူးတွေ၊ အရက်ပုလင်းတွေ အပါအဝင် ဆိုင်မှာရှိတာအကုန်လုံးကို ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျဉ်ထောင်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ၅ နှစ်အရွယ် ကလေး တစ်ဦး အပါအဝင် လူလေးယောက်ကို ပစ်သတ်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာမှသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပျဉ်ထောင်ရွာ ပစ်ခတ်မှုမှာ သေဆုံးခဲ့ရသူတစ်ဦးရဲ့ ဆွေမျိုး တစ်ဦးကတော့ အခုလို အဖြစ်ဆိုးတွေကို အမြန်ရပ်တန့်စေချင်ပြီလို့ ပြောပါတယ်။
“တစ်ခါမှလည်း ကိုယ့်ရဲ့ကျေးရွာလေးမှာ ဒီလိုတစ်ခါမှ မကြုံဖူးဘူးလေ။ ကျနော်တို့ဆို ရွာပြန်ရောက်မှ အလောင်းတွေလျှောက်ရှာ ကောက်ရတာကိုး။ ကောက်ပြီးတော့မှ ဒါကျနော်တို့ ရွာမှာပဲ သရဏဂုံ တင်ပြီးတော့ သင်္ဂြိုဟ်လိုက်ရတာကိုး။ သေကြတာတော့ သေကြရမှာပဲဗျာ ဒါပေမဲ့ ဒီလို မတရားမှုကြီးနဲ့ သေရတာတော့ ကျနော်တော့အနေနဲ့ စိတ်ထဲမကောင်းဘူး ဝမ်းလည်းဝမ်းနည်းပါတယ် ဒီလိုမျိုးကြီး ကြုံတွေ့နေရတာကို။ အဲဒီတော့ အမြန်ဆုံးပြီးစေချင်ပြီဗျာ။ ကျနော်တို့က ပြောရရင် တောနေလေးတွေပါ။ တောင်သူ လုပ်ကိုင်စားသောက်ရတဲ့သူတွေပါ။ ဒီလိုမျိုးတွေတစ်ခါမှ မကြုံဖူးသလို ဒီလိုမျိုးအကြမ်းဖက် တာတွေ မခံရစားရဖူးတော့ ဝမ်းလည်းနည်းပါတယ်။ ဒီပွဲကြီးဟာ ကျနော်တို့ ရွာအတွက်တော့ တော်တော် ကြီး ထိခိုက်ပါတယ်”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေဟာ ခင်ဦးမြို့ နယ်ထဲက အောင်သာ၊ ကျွန်းလယ်နဲ့ မှန်တောရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ သုံးဦးကို ပစ်သတ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်ထဲကို စက်သုံးဆီ တင်ပို့တာတွေလည်း ဖြတ်တောက်ခံထားရပါတယ်။
စစ်ကောင်စီတပ်တွေက ရွာတွေကို ဝင်ရောက်စီးနင်းတာတွေအပြင် ခင်ဦးမြို့နယ်ထဲကို စက်သုံးဆီ တင်ပို့ တာတွေ ဖြတ်တောက်မယ်ဆိုတဲ့ သတင်းတွေနဲ့ အင်တာနက်ဖြတ်တောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေဟာ နောက်ထပ်စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။