မတူပီမြို့မှာ အချင်းချင်းစကားများရင်း ပစ်ခတ်မှုကြောင့် ဒုတပ်ရင်းမှူး သေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) လက်အောက်ခံ ခမရ (၃၀၉) တပ်မှာ စက်တင်ဘာလ ၁၆ ရက် မနေ့ည ၁၂ နာရီဝန်းကျင်က ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ဦးနဲ့ တပ်သား တစ်ယောက် စကားများရန်ဖြစ်ကြရင်း အချင်းချင်းပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ဒုတိယတပ်ရင်းမှူး သေဆုံးသွားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စကားများရန်ဖြစ်ရတဲ့ကိစ္စက တပ်သားတွေအနေနဲ့ စစ်ဆင်ရေးထွက်ပြီး မတိုက်ခိုက်လိုကြောင်း ပြောရာကနေ စကားအချေအတင်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပေမယ့် ဖြစ်တဲ့ကိစ္စအတိအကျကိုတော့ RFA အနေနဲ့အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
သေဆုံးသွားတဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးရဲ့ ရုပ်အလောင်းကို မတူပီမြို့နယ်ဆေးရုံထံ ပို့ဆောင်ထားပြီး မတူပီ ဒေသခံတွေကလည်း ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာမှန်ကန်တယ်လို့ RFA ကို အတည်ပြုပြောဆိုပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို သေဆုံးမှုအခြေအနေကို တိတိကျကျသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာလည်း မတူပီမြို့ ခလရ (၁၄၀) က ဗိုလ်ကြီး တစ်ဦးကို တပ်သားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ကိစ္စဖြစ်ခဲ့ပါတယ်။