ဆိပ်ဖြူမြို့နယ်က စစ်ကောင်စီတပ်ရဲ့ လက်နက်ပစ္စည်းစက်ရုံ ပစ်ခတ်ခံရ
2024.04.07

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၁) ကို ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စက်ရုံအစိတ်အပိုင်းတချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစက်ရုံဟာ လေယာဉ်ဗုံးသီးတွေ အဓိကထုတ်လုပ်ပေးနေတာကြောင့် မကွေးတိုင်း ပ.က.ဖ ဒရုန်းလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ သိမ်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိမ်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဖွဲ့က ဧပြီလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း တာတိုပစ် (Short Range Missile) ၂၅ လုံး အသုံးပြုခဲ့ပြီး ကပစ (၂၁) စက်ရုံဝင်းထဲက ပစ္စည်းသိုလှောင်ရုံသုံးခု မီးလောင်ပျက်စီးသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဆိပ်ဖြူဒေသခံတစ်ဦးကတော့ ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း အဲဒီတပ်ဝင်းထဲမှာ လုံခြုံရေးတင်းကျပ်လိုက်တာ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။
"ကပစဝင်းထဲမှာ မနေ့ကနေ့လယ်ပိုင်းကတည်းက လုံခြုံရေးတွေ တိုးချထားတယ်။ လူအဝင်အထွက်တွေကိုလည်း တင်းကျပ်ထားသလို၊ အထွက်ကိုလည်း အရမ်းစစ်ဆေးတယ်။ လုံခြုံရေးအင်အားကတော့ ခန့်မှန်းခြောက်ဆယ်လောက် အထိကိုရှိတယ်"
ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရခဲ့ပေမယ့် အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အဲဒီလက်နက်စက်ရုံဟာ စစ်ကောင်စီတပ်အတွက် လေယာဉ်ပစ်ဗုံးအမျိုးမျိုးနဲ့ ဆင့်ကွဲဗုံး (Cluster Bomb) တွေ အဓိကထုတ်လုပ်ပေးနေပြီး စက်ရုံအတွင်းမှာတင် လေယာဉ်ပစ်ဗုံးထုတ်လုပ်တဲ့ အဆောက်အအုံ နှစ်ဆယ်နီးပါး ရှိနေတယ်လို့ ဆိပ်ဖြူမြို့ခံတွေက ပြောပါတယ်။