အာဆီယံအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးကိုယ်စားလှယ်တစ်ဦး စေလွှတ်မည်

2021.10.19
အာဆီယံအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးကိုယ်စားလှယ်တစ်ဦး စေလွှတ်မည် ၂၀၂၁ ဇူလိုင် ၁၄ ရက်နေ့ကကျင်းပတဲ့ အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တွေ့ရစဥ်
Photo: Vivian Balakrishnan Twitter

မြန်မာ့အရေးဖြေရှင်းဖို့ ခန့်အပ်ထားတဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပြုတာ အပါအဝင် လုံလောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး စစ်တပ်ဆီက မရရှိတာကြောင့် လာမယ့် အောက် တိုဘာ ၂၆ ရက်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးကိုယ်စားပြုမှု မရှိသူတစ်ဦးကို အာဆီယံက တက်ရောက်ခွင့်ပြုထားတာကြောင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက နိုင်ငံရေးရာထူးမရှိတဲ့ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ဖို့ရှိတယ်လို့  စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို အောက်တိုဘာ ၁၉ ရက်နေ့ ဒီနေ့ ထုတ်ဖော်ပြောလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီကိုယ်စားလှယ်ရဲ့ အမည်နဲ့ရာထူးကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အာဆီယံအရေးနဲ့ ပတ်သက်လို့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း အောက်တို ဘာ ၁၈ ရက်၊ မနေ့က အရေးပေါ် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေဟာ ညှိနှိုင်းလို့မရတာတွေပါဝင်ပေမဲ့ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

''အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်လာရေးကိစ္စမှာ အဆိုပြုတောင်းဆိုချက် အမျိုးမျိုး ဖြစ်ပေါ် လာတဲ့အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးနေရဆဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်။ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့အမိန့်နဲ့ ဥပဒေများမှအပ ပိုင်းခြားဆောင်ရွက်မှုအတိုင်း လုပ်ကြရတာဖြစ်ပါတယ်။ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းလို့ မရတာတွေရှိနေပါတယ်။ ဘယ်လိုပဲဖြစ်စေ ကျွန်တော်တို့နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းအချို့ဘက်က ဆောင်ရွက်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဘယ်သူ ကမှ ဟန့်တားတာမတွေ့ရပေမဲ့ စစ်တပ်ကိုပဲ တောင်းဆိုမှုတွေပြုလုပ်နေတယ်လို့လည်း စစ်တပ်ခေါင်းဆောင် က နိုင်ငံတကာအသိုင်းအဝိုင်းကို အပြစ်တင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း အာဆီယံအစည်းအဝေး တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စတွေကို တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့တာဟာ အာဆီယံရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင် နေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လွန်စွာစိတ်ပျက်မိပြီး၊ ပြင်းထန်စွာကန့်ကွက်ကြောင်း အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တကယ်တော့ ဒီအကျပ်အတည်းတွေဟာ ပြီးခဲ့တဲ့ဧပြီလတုန်းကရရှိခဲ့တဲ့ ဂျာကာတာထိပ်သီးအစည်းအဝေး သဘောတူညီချက်တွေအပေါ် စစ်တပ်က ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့တာကြောင့် ဖြစ်လာရတာလို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

အခုတော့ ပြည်တွင်းရော နိုင်ငံတကာမှာပါ စစ်တပ်ရဲ့ ကတိကဝတ်တွေအပေါ် ယုံကြည်လက်ခံဖို့ မဖြစ်နိုင် တာကြောင့် စစ်တပ်အနေနဲ့ အာဆီယံရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးတာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ သူကပြောပါတယ်။

"လက်ရှိအခြေအနေမှာ စစ်ကောင်စီအနေနဲ့ သူလုပ်ချင်တဲ့ဟာကို နိုင်ငံတကာလက်ခံလာနိုင်အောင် ယုံကြည်လာအောင်လုပ်ဖို့ဆိုတာ ကျွန်တော်အမြင်အရ မလွယ်ဘူး။ အဲတော့ နိုင်ငံတကာရဲ့တောင်းဆိုမှုကို သူဘယ်လောက်လက်ခံမယ် လက်မခံဘူးဆိုတဲ့ဟာကသာ အဓိကအဖြေဖြစ်နေတယ်။ အခုလောလော ဆယ်တော့ သူက လက်မခံသေးဘူး။ အရင်သဘောတူထားတဲ့ ငါးချက်ကို အကောင်အထည်ဖော်ဖို့အတွက် တစ်ခုစီတောင်းဆိုနေတဲ့ဟာကို ဆက်ပြီးငြင်းဆန်နေမယ်ဆိုရင် ကျွန်တော်တို့ အာဆီယံအနေနဲ့တခါမှ အပြစ်မတင်ဖူးတဲ့ဟာမျိုးထက်ပိုတဲ့ နောက်ထပ် ပြစ်တင်မှုတွေဒဏ်ပေးမှုတွေ ပေါ်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာရှိတယ်"

 စစ်တပ်အနေနဲ့ ထပ်ပြီးခေါင်းမာနေဦးမယ်ဆိုရင် အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေအပြင် အာဆီယံရဲ့ ပြင်းထန်တဲ့ နိုင်ငံရေးအရ အပြစ်တင်မှုမျိုး ထပ်မံကြုံတွေ့ရနိုင်တယ်လို့လည်း ဒေါက်တာ စိုင်းကြည်ဇင်စိုး က ဆိုပါတယ်။

အာဆီယံအရေးကျွမ်းကျင်သူ ဒေါ်မိုးသူဇာကလည်း အာဆီယံအနေနဲ့ စစ်တပ်ကို စိတ်ရှည်လက်ရှည်နဲ့ ဆက်ဆံခဲ့ပေမဲ့ စစ်တပ်ဟာ အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်လိုမှုကို အခွင့်ကောင်းမယူဖို့ ပြတ်ပြတ်သားသား သတိပေးချင်တဲ့အတွက် သံတမန်ရေးအရ ဖိအားပေးမှုကို နောက်တစ်ဆင့်ကို တိုးမြင့်လိုက်တာလို့ သုံးသပ် ပါတယ်။

 "မြန်မာနိုင်ငံအတွင်းမှာ အပြုသဘောဆောင်တဲ့ ထွက်ရပ်တစ်ခု ပေါ်ပေါက်ဖို့အတွက်ကိုလည်း အာဆီယံ အနေနဲ့ ဦးဆောင်ပြီးတော့မှ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပံ့ပိုးထောက်ခံချက်လည်းပါတာပေါ့။ ဒီလိုအနေ အထားမျိုးမှာ အာဆီယံအနေနဲ့ တင်းလွန်းရင်ပြတ်တယ်ဆိုတဲ့ အနေအထားမျိုးရောက်အောင် သဘော ထားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်လိုမှု အပြုသဘောဆောင်တဲ့ဆက်ဆံမှုကို အခွင့် ကောင်းမယူဖို့ဆိုတဲ့ အနေအထားကတော့ အာဆီယံအနေနဲ့ အခု ပိုပြီးပြတ်ပြတ်သားသား ပြောလာတဲ့ အနေအထားလို့ သုံးသပ်မိပါတယ်"

ဒီဖိအားတွေကြောင့် စစ်တပ်ဟာ ချက်ချင်းပြောင်းလဲလာပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အလျင်အမြန်ဖြစ်လာဖို့တော့ မျှော်လင့်လို့မရသေးဘူးလို့ ဒေါ်မိုးသူဇာက ပြောပါတယ်။ အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ဆိုရင်  အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ စစ်တပ်အပေါ် တွန်းအားပေးမှု တွေ အများကြီး ဆက်လုပ်ဖို့လိုအပ်နေသေးတယ်လို့ သူက ပြောပါတယ်။

"အာဆီယံအနေနဲ့ အခု ပိုပြီးပြတ်ပြတ်သားသား ပြောလာတဲ့အနေအထားလို့ သုံးသပ်မိပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဇမ္ဗူသီရိမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး ကတော့ အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေ မဖြစ်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ မဖြစ်မနေလိုအပ်တယ်လို့ ပြောပါတယ်။

 တိုင်းပြည်ကောင်းကျိုးအတွက် အပြုသဘောဆောင်တဲ့ လွပ်လပ်ပွင့်လင်းတဲ့တွေ့ဆုံဆွေးနွေးပွဲတွေဟာ သက်ဆိုင်ရာခေါင်းဆောင်တွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲမျိုးဖြစ်ဖို့လိုပါတယ်။ တကယ်အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ဆိုရင် လက်ရှိဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ် ပေးဖို့နဲ့ တရားဝင်ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတွေအားလုံးဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အနှောင့် အယှက်မရှိ လုပ်ကိုင်နိုင်ဖို့လည်းလိုပါတယ်

တဖက်မှာတော့ စစ်တပ်ခေါင်းဆောင်ဟာ သူ့အပေါ်  နိုင်ငံတကာဖိအားတွေ တိုးလာချိန်မှာပဲ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၅၆၃၆ ဦးကို ပြန်လွှတ်ပေးမယ်လို့ မနေ့ကကြေညာခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အာဆီယံဖိအားကို လျော့ချဖို့ စစ်တပ်က ကြိုးစားတာဖြစ်ပေမဲ့ ဒီလောက်နဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

minaunghlaing-asean-meeting.jpg
(အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၂၁ ဧပြီ ၂၄ ရက်နေ့ကကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ယာစွန်)ကို တွေ့ရစဥ်)AFP

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတာ ဟာ ဘယ်သူ့ဖိအားကြောင့်မှ မဟုတ်ဘူးလို့ RFA ကို မနေ့က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေး ကနေ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်ကြဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့၊ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုစေလွှတ်ဖို့ ဆိုတဲ့ သဘောတူညီချက်တွေရရှိခဲ့တာပါ။

ဒါပေမဲ့ မြန်မာစစ်တပ်အနေနဲ့ ဒီမိုကရေစီတောင်းဆိုတဲ့ အရပ်သားတွေအပေါ် ဖမ်းဆီးသတ်ဖြတ်တာ၊ ပစ်ခတ် နှိမ်နင်းတာတွေ ဆက်လုပ်နေသလို အာဆီယံအထူးကိုယ်စာလှယ်ကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်ကမှ ခန့်အပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားပေမဲ့ စစ်တပ်ဘက်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရေးကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့် ကန့်သတ်ထားတာကြောင့် မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။