အေအေတပ်ဖွဲ့ဝင်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ ပြည်နယ်စစ်ကောင်စီပြော

2021.09.21
အေအေတပ်ဖွဲ့ဝင်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ ပြည်နယ်စစ်ကောင်စီပြော ရက္ခိုင့်တပ်တော် AA တပ်သားတချို့ကို တွေ့ရစဉ်
Photo: AA

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်ဖွဲ့ဝင်တွေကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က RFA ကို ဒီနေ့မနက်က ပြောပါတယ်။

အခုလက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွက် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးအမျိုးအစား နှစ်သိန်းနှစ်သောင်းကျော်ရရှိထားပြီး အဲဒီဆေးတွေကို အေအေတပ်ဖွဲ့ဝင်တွေ၊ မသန်စွမ်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပရဟိတဝန်ထမ်းတွေ စတဲ့ အုပ်စု ၁၆ စုကို ထိုးပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးထိုးမယ့်နေ့နဲ့ အရေအတွက် စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေး ဘူးလို့လည်း ဥပဒေချုပ် ဦးလှသိန်း က ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကာကွယ်ဆေးထိုးဖို့ အစီအစဉ်ကို ပြည်ထောင်စုက ဆက်လက်ညွှန်ကြားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

အခုလို အေအေတပ်ဖွဲ့ဝင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ပြောဆိုတာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ကို RFA က မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကတော့ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရခိုင်ပြည်သူတွေအားလုံး ကိုဗစ် ကာကွယ်ဆေးထိုးနိုင်ရေးနဲ့ ပတ်သက်လို့ ကြိုးပမ်းဆောင်ရွက်နေပြီး ရခိုင်ပြည်သူတွေအနေနဲ့လည်း အခွင့် အရေးရရင် ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ကို ထုတ်ပြန်ချက်ထုတ်ပြီး ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ် တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလကစပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်စဲနေခဲ့တာပါ။

အဲဒီလို တိုက်ပွဲတွေရပ်စဲနေတဲ့ကာလမှာ ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်မှာ အစိုးရရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေး ယန္တရားတွေကို အေအေရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးတွေနဲ့ အစားထိုးဖို့ ကြိုးစားနေပြီး စစ်ကောင်စီနဲ့ အေအေကြား အားပြိုင်မှုတွေလည်းရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။