စစ်တပ် အာဏာသိမ်း နှစ်ပတ်လည်နေ့ နယူးဒေလီမှာ ကျင်းပ


2013.09.18

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့က တပ်မတော်ကနေ နိုင်ငံတော်အာဏာ သိမ်းယူခဲ့တဲ့အပေါ် ပြစ်တင်ရှုံ့ချတဲ့ အခမ်းအနားတစ်ခုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒီနေ့ကျင်းပခဲ့ကြပါတယ်။

အခုလို ကျင်းပရတာနဲ့ ပတ်သက်ပြီး စီစဉ်ဆောင်ရွက်သူတစ်ဦးဖြစ်တဲ့ Burma Center Delhi (BCD)မှ ကိုကဲမ်(Kim)က RFA ကို အခုလိုပြောပါတယ်။

ဒီနေ့က ၂၅ နှစ်မြောက် စစ်အာဏာသိမ်းမှု ရှုံ့ချပွဲအခမ်းအနားနဲ့ လက်ရှိနိုင်ငံရေး ဆွေးနွေးပွဲပေါ့၊ အခမ်းအနားကို အစီအစဉ်နှစ်ခုခွဲတာပေါ့၊ ပထမအစီအစဉ်ကတော့ စက်တင်ဘာ ၁ဂ ရက်မှာ အာဏာသိမ်းသွားတဲ့ စစ်အစိုးရ၊ စစ်အာဏာရှင်တွေကို ရှု့ချတဲ့အပိုင်း၊ ဒုတိယအပိုင်းက လက်ရှိနိုင်ငံရေးအခြေအနေ ဆွေးနွေးတဲ့နေရာမှာ ၂ဝဝ၈ ဖွဲ့စည်းပုံရယ် နောက် ၂ဝ၁၅ ရွေးကောက်ပွဲအကြောင်းရယ် နောက်ကဏ္ဍတစ်ခုအနေနဲ့ ကျနော်တို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အနာဂတ် မျှော်မှန်းချက်ဆိုပြီးတော့ ခေါင်းစဉ်နှစ်ခုနဲ့ စကားဝိုင်းလုပ်ကြတယ်ပေါ့”

ဒါ့အပြင် နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက မြန်မာအစိုးရကိုလည်း အချက် ၄ ချက် တောင်းဆိုထားတယ်လို့ ကိုကဲမ်က ဆက်ပြောပါတယ်။

တစ်အချက်ကတော့ ၈ လေးလုံးအရေးတော်ပုံနဲ့ အာဏာသိမ်းမှု နောက်ပိုင်းမှာပေါ့နော် ဒီမိုကရေစီတောင်းဆိုတဲ့ ပြည်သူလူထုကို ကျူးလွန်တဲ့လူတွေကို အမှုမှန်ဖော်ထုတ်ပေးရေးပေါ့၊ ထိုက်သင့်တဲ့ လျော်ကြေးပေးရေး၊ နှစ်ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပေးရေး ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ လူထုထောက်ခံတဲ့ ဖွဲ့စည်းပုံရေးဆွဲရေးပေါ့၊ သုံးကတော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ လေးကတော့ တိုင်းရင်းသားများ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါပေါက်ရေး ”

ဒီနေ့ကျင်းပတဲ့ ၂၅ နှစ်မြောက် စစ်အာဏာသိမ်းမှု ရှုံ့ချခြင်းနဲ့ မျက်မှောက်မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနားကို နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစု အယောက် ၅ဝ ကျော် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။