ဖားကန့်မှာ MPT ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရ
အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဒီနေ့မနက် ၆ နာရီကစပြီး MPT ဖုန်းလိုင်းတွေလည်း ပြတ်တောက်သွားပြီလို့ ဒေသခံတစ်ဦး က ပြောပါတယ်။
ဖားကန့်မြို့မှာ ခုလိုအင်တာနက်ရော ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံရလို့ လူမှုရေး စီးပွားရေး စတဲ့လုပ်ငန်း တွေ အခက်အခဲရှိတယ်လို့ ဖားကန့် ဒေသခံ ကိုနော်က ပြောပါတယ်။
“ဖားကန့်မှာ အင်တာနက်လိုင်းဖြတ်ထားလို့ ပညာရေး ကျန်းမာရေး လူမှုရေး စီးပွားရေး အကုန်အဆင် မပြေဘူးပေါ့။ ပညာရေးဆိုရင် ကလေးတွေက အွန်လိုင်းကနေ စာသင်လို့မရတော့ဘူး။ စီးပွားရေးဆိုရင် ကျောက်စိမ်းသမားဆိုရင် အင်တာနက်ကနေ ကျောက်ပုံတွေပြပြီး ရောင်းဝယ်လုပ်လို့ မရတော့ဘူး။ အခု ဖုန်းလိုင်းတွေပါ ပြတ်တော့ ပိုခက်ခဲလာတယ်”
ဖားကန့်မြို့နယ်ထဲ အင်တာနက် ဖြတ်တောက်ခံထားရတာ လွန်ခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ကတည်းကဖြစ်ပြီး အခုဆိုရင် သုံးလ ကျော်ရှိလာပါပြီ။
အင်တာနက်မရလို့ ငွေလွှဲတာ၊ ငွေထုတ်တာတွေလည်း လုပ်လို့မရတဲ့သလို တခြားစီးပွားရေးလုပ်ငန်းတွေ လည်း လုပ်ကိုင်ရတာ အဆင်မပြေဘူးလို့ ပြောပါတယ်။
MPT ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရပေမယ့် Oredoo, Telenor, Mytel ဖုန်းလိုင်းတွေတော့ ရနေသေး တယ်လို့လည်း ဆိုပါတယ်။
ဖားကန့်မြို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံခဲ့ပြီးနောက် ပြီးခဲ့တဲ့နိုဝင်ဘာလက KIA နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲ သုံးနေရာမှာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေက လေယာဉ်တွေပါသုံးပြီး တိုက်ခိုက်တဲ့အထိ ဖြစ်ပွားခဲ့ပါသေးတယ်။