မင်းပြားတိုက်ပွဲမှာ နှစ်ဖက်တပ် ကျဆုံးသူတွေရှိတယ်ဆိုတာကို တပ်ငြင်းပယ်
2020.02.15
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပျော်ရွာမှာ တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဖေဖော်ဝါရီ ၁၄ရက် မနေ့က တိုက်ပွဲမှာ နှစ်ဖက်တပ်တွေ အကျအဆုံးရှိခဲ့ပါတယ်။ တပ်မတော်ကတော့ ကျဆုံးသူ မရှိဘူးလို့ ငြင်းဆိုပါတယ်။
မင်းပြားမြို့နယ် ဖားပျော်ရွာ တိုက်ပွဲမှာ နှစ်ဖက်ကျဆုံးတာ၊ ထိခိုက်ဒဏ်ရာရသူတွေရှိသလို တပ်မတော်ဘက်က စစ်သုံ့ပန်းတစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။
"မနေ့ကတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ကျဆုံးတာ ၁၅ ဦးလောက်ရှိတယ်။ နောက်ပြီးဒဏ်ရာ ရရှိသူလည်း အများအပြားရှိတယ်။ ရန်သူဘက်က လက်နက်ခဲယမ်း စာရွက်စာတမ်း ခြင်းတောင်းနဲ့ ၃၆လုံး သိမ်းဆည်း ရမိတာရှိတယ်။ ရန်သူ အလောင်းက သုံးလောင်း၊ အပြင်းအထန် ဒဏ်ရာရနေတဲ့ သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိတယ် ။ ရက္ခိုင့်တပ်တော်ဘက်ကလည်း ကျဆုံးတာ နှစ်ဦး၊ လေးဦး ဒဏ်ရာရတာရှိတယ်။"
AA ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း အရေအတွက်ကိုတော့ လုံခြုံရေးအရ ထုတ်ဖော်မပြောနိုင်ဘူးလို့ ခိုင်သုခက ဆိုပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တိုက်ပွဲပြင်းထန်တာကို အတည်ပြုပေမယ့် တပ်ဘက်က ကျဆုံးသူရှိတယ်ကိုတော့ ငြင်းဆိုပါတယ်။
"တိုက်ပွဲပြင်းတာဟုတ်တယ်။ ဒဏ်ရာရတာဟုတ်တယ်။ကျန်တာတော့ မဟုတ်ဘူး။"
မနေ့က တပ်မတော်ရဲ့ တပ်မ ၅၅ လက်အောက်ခံ ဗထူးအခြေစိုက်ခမရ (၅၀၈) တပ်ရင်းနဲ့ AA အဖွဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ တပ်မတော်က အခုချိန်ထိ ဖားပျော်ရွာမှာ တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာထဲမှာရှိတဲ့ တပ်မတော်သားတွေက ဒေသခံတွေကို ရွာပြင်ထွက်ခွင့်မပေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဆက်သွယ်ပြောလာပါတယ်။
"ခုလောလောဆယ် တပ်ကပဲ ကျွန်တော်တို့ရွာမှာ နေရာယူထားတယ်။ တပ်က ရွာသားတွေကို အပြင်ထွက်ခွင့်မပေးဘူး တားမြစ်ထားပါတယ်။ ရာမောင်တံတားမှာ တားပြီး အပြင်ထွက်ခွင့်မပေးဘူး။ စဖြစ်တဲ့နေ့ထဲက အခုချိန်ထိပါပဲ။"
မနေ့ကတိုက်ပွဲမှာ ဖားပျော်ရွာခံ အမျိုးသမီး ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် အမျိုးသားတစ်ဦးကို တပ်မတော်က ရိုက်နှက်ခဲ့လို့ စိုးရိမ်ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲဒီအလုပ်သမားက တိုက်ပွဲဖြစ်တော့ ထွက်ပြေးပြီး ရွာနားက ဘိလပ်မြေစက်ရုံမှာ ခိုနေတာ တပ်ကရောက်လာပြီး AA ဆိုပြီးရိုက်စစ်တယ်။ ခေါင်းနဲ့ မျက်နှာတွေမှာ အဲကောင်လေးက စိုးရိမ်ရတဲ့ အခြေအနေရောက်နေတယ်။ အပြင်ထွက်ခွင့်လဲမရဘူးဖြစ်နေတယ်။"
ဖားပျော်ရွာသူ ရွာသားတွေကို တပ်မတော်က လူသားဒိုင်းကာသဖွယ် အသုံးပြုနေတယ်လို့ မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင် က စွပ်စွဲလိုက်ပါတယ်။
"ရှင်းရှင်းပြောရင် ရွာသားတွေ ရွာပြင်မထွက်ရပဲ ပိတ်ထားတာ လူသားဒိုင်းကာအဖြစ် အသုံးပြုတယ်မြင်တယ်။ ရွာသားတွေကို အပြင်လွတ်လွတ်လပ်လပ် ထွက်ခွင့်ပေးဖို့နဲ့ ရွာထဲမှာ တပ်စွဲမထားလို့ သက်ဆိုင်ရာက စီစဉ်ပေးစေလိုတယ်။"
ဒီအချက်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးရဲ့ မှတ်ချက်ရဖို့ RFA က ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဖားပျော်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်၊ လူဦးရေ တစ်ထောင် နီးပါးရှိပါတယ်။
ဒီနေ့မနက်အထိ ဖားပျော်ရွာမှာ တိုက်ပွဲရှိနေတုန်းပါပဲ။ ဒီတိုက်ပွဲက ရန်ကုန် - စစ်တွေ ကားလမ်းမအနီးမှာ ဖြစ်နေတာကြောင့် လမ်းမပေါ်မှာလည်း ကားတွေပိတ်မိနေတယ်လို့ ဦးစစ်နိုင်က ဆိုပါတယ်။
လမ်းမပေါ်မှာ ကားတွေ ရာနဲ့ ချီပိတ်မိနေလို့ ကားပေါ်က ခရီးသည်တွေကို မင်းပြားမြို့ပေါ်က ဓမ္မာရုံတွေမှာ ထမင်းကျွေးနေရတဲ့အထိပါပဲ။ ပိတ်မိနေတဲ့ ခရီးသည်တွေကို စားသောက်စရာ အကူအညီပေးနေတာက ဖားပြိုရွာအနီးမှာရှိတဲ့ ဒုက္ခသည်အရေးကူညီသူ ကိုအမ်းသားကြီးပါ။
"ကားလမ်းမပေါ်မှာ ကားက မင်းပြားမြို့နယ် အမ်းသားကျေးရွာ ရာမောင်တံတား အနောက်ဖက်ခြမ်းမှာတောင် အစီးရေ ၅၀၀ လောက်ရှိတယ်။ ရွာမှာပဲ ထမင်းကျွေးနေတာ လူ ၃၀၀ လောက် ရှိနေပြီ။ ကားလမ်းပေါ် ဒီတိုင်းရပ်ထားရတာ၊ မနေ့က ၁၀ နာရီလောက်က စပြီးရပ်ထားရတာ။"
ဖေဖော်ဝါရီ ၁၄ရက် မနေ့ကပဲ ပလက်ဝမြို့နယ် မီးချောင်းတံတားထိပ်နဲ့ ကျောက်တော်မြို့နယ် တင်းမကျေးရွာတွေမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်နေတာ ဒီနေ့နဲ့ဆိုရင် ၁၀ရက်ရှိပြီလို့ ခိုင်သုခ က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ကျော်ကြာနေပါပြီ။ ဒီတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်ထောင်ကျော် ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲကာလ ကြာလာတာ၊ စစ်ပွဲဧရိယာ ကျယ်ပြန့်လာတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးတာ ရှိသလို နှစ်ဖက်ကျဆုံးသူ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ အရေအတွက်ကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုကြပါတယ်။