အရာတော်က PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတစ်ခုကို အောက်တိုဘာလ ၂၂ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံအချို့ကို ဖမ်းသွားတယ်လို့ အရာတော်ဒေသခံတွေက ပြောပါတယ်။
“မနက် ၄ နာရီလောက်ကြီး ဒိုင်နာကားတွေ အိမ်စီးကားတွေနဲ့ ဝင်လာကြတာ၊ အင်အားကတော့ များတယ်၊ စခန်းကတော့ ဖျက်ဆီးခံလိုက်ရတယ်၊ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေတော့ အဖမ်းခံရတာမရှိဘူး လွတ်သွားတယ်၊ ဒေသခံတွေကိုသာ လမ်းပြဆိုပြီး ဖမ်းခေါ်သွားတာရှိတယ်၊ ဘယ်နှစ်ယောက်လောက် ဖမ်းခံရလဲဆိုတာတော့ အတိအကျမသိရသေးဘူး” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကိုယ်တိုင်သိရသူ အရာတော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်သားတွေဟာ တောင်လက်၊ ကံရင်း၊ မလဲသာ၊ ညောင်ပင် စတဲ့ရွာတွေထဲကို ဝင်ရောက်ရှာဖွေနေတာကြောင် ဒေသခံတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ရွာသားတွေကို လမ်းပြအဖြစ် ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုပေါ် RFA အနေနဲ့ သီးခြားအတည် ပြုနိုင်ခြင်မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေပါတယ်။
မုံရွာ - အရာတော်လမ်းကို ကျန်းမာရေးကိစ္စအပါအဝင် အရေးကြီးကိစ္စကလွဲပြီး လုံးဝအသုံးမပြုဖို့ မုံရွာမြို့နယ် ထဲမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ငါးဖွဲ့က အောက်တိုဘာလ ၂၂ ရက် ဒီကနေ့မှာပဲ သတိပေးချက် ထုတ်ပြန်ထားပါတယ်။