လယ်သမားအရေး ၈၈ တွေဝင်ရောက်ကူညီ
2012.07.26

အဲဒီနေရာကို လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်၊ ကိုထွန်းမြင့်အောင်တို့ ရောက်သွားပြီး လယ်သမားတွေရဲ့ အခြေအနေနဲ့ ဆန္ဒတွေ မေးမြန်း စုံစမ်းခဲ့ပါတယ်။ အဲဒီနောက် သိမ်းထားတဲ့ လယ်တွေကို တာဝန်ရှိသူ စစ်တပ်အရာရှိနဲ့ ဆွေးနွေးပေမယ့် အဆင်မပြေတဲ့အတွက် ရန်ကုန်တိုင်းအစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးကို ဆက်သွယ်ပြီး ဒီပြဿနာဖြေရှင်းဖို့ကြိုးစားခဲ့တဲ့ အကြောင်း ကိုမျိုးသန့်က ပြောပါတယ်။
"အဲဒီမှာ တာဝန်ရှိတဲ့သူထဲက အကြီးဆုံး ဗိုလ်မှူး အောင်နေမျိုးပေါ့ဗျာ။ သူ့ဆီကို ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းနိုင်မလဲလို့ မေးတဲ့ အခါကျတော့ ကျွန်တော့မှာဘာမှ ပြောပိုင်ခွင့် မရှိဘူးတဲ့။ အဲတာ ကျွန်တော်တို့က ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းဆီကို အကူအညီ တောင်းပါတယ်။ ဗိုလ်မှူးကြီးခင်ဗျား ဒီမှာရေတပ်နဲ့ လယ်သမားတွေနဲ့က ပဋိပက္ခက ပိုပြီးကြီးလာနိုင်တယ်။ လူအင်အားပြပြီး ခြိမ်းခြောက်နေတဲ့ ပုံစံမျိုးကိုတော့ ရပ်တန်းက ရပ်ပေးနိုင်ဖို့အတွက် ဘယ်လို ညှိနှိုင်း ဆောင်ရွက်ရင် ကောင်းပါမလဲ ဆိုပြီးတော့ အကူအညီ တောင်းတဲ့ အခါမှာ လုံခြုံရေးဝန်ကြီးက ရေတပ်ဌာနချုပ်ကို လှမ်းအကြောင်းကြား ပေးပါမယ်တဲ့။ သူတို့လူကြီး တစ်ယောက်ယောက် စီစဉ်ပေးနိုင်ပါတယ်လို့ ပြောတဲ့ အခါကျတော့ ကျွန်တော်တို့ စောင့်သေးတယ်ဗျ။ နောက်ဆုံး မလာတာနဲ့ ကျွန်တော်တို့ ပြန်လာတယ်ပေါ့ဗျာ"
အဲဒီ အလွမ်းဆွတ်ရွာမှာ လယ်မြေဧက (၂၀၀) ကျော်ကို ခလရ (၉၀) က ၁၉၉၅ ခုနှစ်မှာ သိမ်းခဲ့ပြီး လယ်သမားတွေကို တစ်ဧကစပါး (၁၀) တင်းနှုန်းနဲ့ သီးစားပြန်ချ ထားခဲ့တာပါ။ နောက်ပိုင်းမှာတော့ တပ်အဆင့်ဆင့်ပြောင်းပြီး အခုလက်ရှိ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်က ယူထားတာ ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် မူရင်းလယ်လုပ်ခွင့် ဆုံးရှုံးသွားတဲ့ လယ်သမားတွေက ပြီးခဲ့တဲ့ ၂ လလောက်မှာ သူတို့လယ်တွေ ပြန်လုပ်ခွင့်ပေးဖို့ သမ္မတဆီကို အသနားခံစာ တင်ခဲ့ပြီး လယ်တွေပြန်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီကာလမှာ အခုလိုစစ်တပ်က အင်အားနဲ့ ဆောင်ရွက်တာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်က ပြောပါတယ်။
"နံပတ်တုတ်တွေကိုင်ပြီးတော့ လုံခြုံရေး အင်အားအပြည့်အဝနဲ့ လယ်သမားတွေကို ဝိုင်းထားပြီးခါမှ မလုပ်ရဘူးလို့ ပြောတာ။ ကျွန်တော်တို့ကလည်းပဲ လယ်သမားတွေ လယ်ပိုင်တာလား၊ မပိုင်တာလား ကျွန်တော်တို့ မဆုံးဖြတ်ဘူး။ အဲဒီလို လက်နက် အင်အား၊ လူအင်အားနဲ့ ခြိမ်းခြောက်တာမျိုးကတော့ မဖြစ်သင့်ဘူး"
တဆက်တည်းမှာပဲ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်က လယ်သိမ်းခံထားရတဲ့ လယ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ ဒီနေ့ နေ့လည်က ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်က သိမ်းထားတဲ့ အဲဒီမြေတွေမှာ အခြားစီမံကိန်းတွေ ဆောင်ရွက်တာမျိုး မရှိသလို လယ်မြေတွေလည်း ဖြစ်ထွန်းအောင် စိုက်ပျိုးတာ မဟုတ်ဘဲ အရင်အတိုင်းပဲ ဆက်လက်တည်ရှိနေတဲ့အတွက် မူလလယ်သမားတွေကို လယ်လုပ်ခွင့် ပြန်ပေးသင့်တဲ့အကြောင်း လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မနုနုအောင်က RFA ကိုပြောပါတယ်။
"'ဒီနေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် လယ်သမား ၈၀ ကျော်ရဲ့ လယ်ဧက ၆၀၀ ကျော်လေ၊ လယ်ယာမြေကိစ္စပေါ့။ သတင်းစာ ရှင်းလင်းပွဲလုပ်တာ။ သိမ်းတာက ရန်ကုန်တိုင်း စစ်ဌာနချုပ် ခလရ ၁၆၊ ခလရ ၁၃၉၊ ခလရ ၉၀၊ ခမရ ၄၃၅၊ ခမရ ၄၃၆၊ ခမရ ၇၀၂၊ ခလရ ၈၂၊ နလစ ၆၅၆ အဲတာသိမ်းတာ လျော်ကြေး ဘာမှမရဘူး"
ဒီလယ်တွေကို ၁၉၉၂ ခုနှစ်မှာ အဲဒီ စစ်တပ်တွေက သိမ်းခဲ့ပြီး မူလလယ်သမားတွေကို သီးစားပြန်ချ ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ လယ်သမားတွေက တွက်ချေ မကိုက်တော့တဲ့ အတွက် အဲဒီလယ်တွေကို ဆက်မလုပ်ကြတော့ဘဲ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ တောင်သူ လယ်သမား ပြဿနာတွေ ပြေလည်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ညှိနှိုင်း ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပြောပါတယ်။