အာဏာဖီဆန်ရေးမှာပါဝင်တဲ့ ဝန်ထမ်းတွေကို စစ်ခေါင်းဆောင် ခြိမ်းခြောက်

စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2021.02.11

အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူလူထုကိုပြောကြားတဲ့ မိန့်ခွန်းမှာ စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံ့ဝန်ထမ်းအချို့ဟာ မသမာသူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် လုပ်ငန်းခွင်တာဝန်တွေက ပျက်ကွက်နေကြတာကို ထိထိရောက်ရောက် တားဆီးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့ကပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

စစ်အာဏာဖီဆန်ရေး CDM –Civil Disobedience Movement လှုပ်ရှားမှုမှာ နိုင်ငံံဝန်ထမ်းတွေ ပါဝင်တာကို ရည်ညွှန်းပြီး အာဏာသိမ်း ၁၁ ရက်မြောက်နေ့မှာ ခြိမ်းခြောက်လိုက်တာပါ။ နိုင်ငံ့ ဝန်ထမ်းတချို့ဟာ မသမာသူတချို့က သွေးထိုးလှုံ့ဆော်လို့ လုပ်ငန်းခွင်တာဝန် ပျက်ကွက်နေရုံမက တာဝန်ထမ်းဆောင်နေသူတွေကိုလည်း နှောင့်ယှက်တားဆီးနေတယ်လို့ ပြောရင်း ဆက်ပြောသွားပါတယ်။

အမေရိကန်စာရေးဆရာ Henry Thoreau ၁၈၄၉ ခုနှစ်ကရေးသားတဲ့ On the duty of Civil Disobedience မှာ အစိုးရတရပ်ဟာ မတရားရင် လူထုက ဥပဒေလိုက်နာဖို့ ငြင်းဆန်သင့်ပြီး အစိုးရနဲ့ ကင်းကင်းကွာကွာနေသင့်တယ်လို့ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မိန့်ခွန်းနဲ့ ပတ်သက်လို့ တက္ကသိုလ်ဆရာ၊ ဆရာမများကိုယ်စားပြုကော်မတီ မူဝါဒရေးရာတာဝန်ခံ ဒေါက်တာအာကာမိုးသူကတော့ ဒီလိုခြိမ်းခြောက်ရုံနဲ့ သွေဖည်သွားမှာ မဟုတ်ဖူးလို့ ပြောပါတယ်။

စစ်အာဏာသိမ်းဆန့်ကျင်တဲ့ အစိုးရဝန်ထမ်းတွေ ရုံးမသွားကြဘဲ ဆန္ဒပြပွဲတွေမှာ ပါဝင် ပူးပေါင်းလာတဲ့ အရှိန်မြှင့်လာတာနဲ့ အမျှ အစိုးရလုပ်ငန်းတချို့ လည်ပတ်ဖို့ ခက်ခဲချိန်မှာ မိန့်ခွန်းပြောကြားပြီးတဲ့နောက် CDM လှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။ ပါတီနိုင်ငံရေးအရ CDM မှာပါဝင်လှုပ်ရှားတာမဟုတ်ဘဲ ခေတ်မီယဉ်ကျေးတဲ့ လူမှုအဖွဲ့အစည်းမှာ သမိုင်းအမည်းစက် စွန်းထင်းမှာ မလိုလားတဲ့အတွက် ပါဝင်လှုပ်ရှားရတာလို့ အမည်မဖော်လိုတဲ့ သမားတော်ကြီးတဦးက ပြောပါတယ်။

နေပြည်တော်က ဝန်ထမ်းတယောက်ကလည်း ၂၀၂၁ CDM လှုပ်ရှားမှုမှာ ဘယ်ကဏ္ဍက ပါဝင်ခဲ့သလဲလို့ သားတွေသမီးတွေကြီးလာလို့ မေးတဲ့အခါ အရှက်မရချင်ဘူးလို့ပြောပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့ မိန့်ခွန်းထဲမှာ နိုင်ငံ့ဝန်ထမ်းတွေ အကျိုးအတွက် လိုအပ်တာတွေ ထပ်ဖြည့်ဆည်းပေးမယ်လို့ပါရှိပြီး Covid-19 ကပ်ရောဂါအကြောင်းလည်း ထည့်သွင်း ပြောကြားပါတယ်။

အိန္ဒိယက covishield ထိုးဆေးနှစ်သန်း ဒုတိယအသုတ် ရောက်လာမယ့်အကြောင်း၊ ရုရှားနိုင်ငံထုတ် Sputnik V vaccine ၊ တရုတ်နိုင်ငံထုတ် SARS COVI Vaccine နဲ့ အိန္ဒိယနိုင်ငံထုတ် COVAXIN Vaccine ဆေးတွေခွင့်ပြုမယ့်အကြောင်းပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ပေမဲ့ လူသားချင်းစာနာမှုအနေနဲ့ ကပ်ရောဂါတိုက်ဖျက်ရေးကို အကူအညီပေးမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံက အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလ ၄ ရက်နေ့က ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။