မြင်းခြံမြို့ NLD ပါတီဝင် ငါးဦးရဲ့ နေအိမ်ကို စစ်တပ်က ချိတ်ပိတ်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ငါးဦးရဲ့ နေအိမ်တွေကို အောက်တိုဘာလ ၅ ရက် မနေ့ညပိုင်းက အကြမ်းဖက်ဥပဒေအရ ပြည်သူပိုင်သိမ်းဆည်း ကြောင်း စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူးက ကြေညာသွားတယ်လို့ သိမ်းဆည်းခံလိုက်ရတဲ့ နေအိမ် ပိုင်ရှင်တွေက RFA ကို ပြောပါတယ်။
အသိမ်းခံရတဲ့ နေအိမ်တွေကတော့ မြင်းခြံမြို့နယ် NLD ပါတီနာယက ဦးလှမြင့်၊ လယ်သစ်ရွာ NLD ပါတီဥက္ကဋ္ဌ ဦးစန်းယု၊ အတွင်းရေးမှူး ကိုကျော်နိုင်နဲ့ ပါတီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးအေးကို၊ ဦးသန့်ဇင်ဝင်းတို့ရဲ့ နေအိမ်တွေ ဖြစ်ပါတယ်။
“အိမ်ပိုင်ရှင်တွေက လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက အိမ်တွေမှာ မနေရဲကြတော့တာ၊ ပါတီဝင်တွေ ဖမ်းမယ်ဆိုပြီး ရွာကိုပိတ်ဖမ်းလို့ ထွက်ပြေးကြတာကြာပြီ၊ မိသားစုဝင်တွေလည်း မရှိကြတော့ဘူး၊ အကုန် ထွက်ပြေးနေကြတယ်၊ မနေ့ညမှာ စစ်ကောင်စီကခန့်ထားတဲ့ဥက္ကဋ္ဌက ပြည်သူပိုင်သိမ်းဆည်းတယ် သော့ခတ်လိုက်တယ်ဆိုပြီး ရွာထဲမှာအော်တယ်၊ စစ်သားနဲ့ရဲတွေက အိမ်ထဲကနေ သယ်လို့ရတဲ့ ပစ္စည်း မှန်သမျှ သယ်သွားတယ်၊ ဒီကာလက သူတို့ဥပဒေပဲ လုပ်ချင်တာလုပ်နေကြတာပေါ့၊ ရှာထားသမျှ အကုန်ကုန်တာပေါ့”… လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေအိမ်သိမ်းဆည်းခံလိုက်ရသူတစ်ဦးက RFA ကို ပြောပါတယ်။
လယ်သစ်ရွာဟာ မြင်းခြံမြို့ကနေ နှစ်မိုင်ခန့်သာကွာဝေးပြီး လူဦးရေ ၅၀၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။
မြင်းခြံမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေရဲ့နေအိမ် ရှစ်လုံးထက်မနည်းကိုလည်း အကြမ်းဖက် ဥပဒေနဲ့ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေ က ပြောဆိုနေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ အကြမ်းဖက်မှုဥပဒေနဲ့ ငြိစွန်းတဲ့လုပ်ရပ်တွေကို မိမိနေအိမ် ဒါမှမဟုတ် အိမ်ငှားပြီးလုပ်နေတာကြောင့် အဲလိုအခြေအနေဆိုရင်တော့ သိမ်းဆည်းရလိမ့်မယ်လို့ ပြည်ထဲဝန်ကြီးဌာနက ပြောပြီးဖြစ်ကြောင်း RFA ကို ပြန်လည်ဖြေဆိုပါတယ်။