အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လေးလအတွင်း အရပ်သား လေးရာနီးပါး သေဆုံး
2025.02.23

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာကနေ ဒီဇင်ဘာအထိ လေးလအတွင်း အရပ်သားငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဥ် ၄၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၆၈ ဦး သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
သေဆုံးခဲ့သူ ၃၆၈ ဦးအထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၄၃ ဦး၊ စစ်ကြောင်းထိုးချိန် သတ်ဖြတ်ခံရသူ ၅၄ ဦးနဲ့ လက်နက်ကြီးပစ်ခတ်ခံရလို့ ၄၅ ဦးတို့ဖြစ်သလို ဒရုန်းတိုက်ခိုက်ခံရတာနဲ့ နှစ်ဖက်တိုက်ပွဲကြား သတ်ဖြတ်ခံရတာတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ သေဆုံးသူ ၃၃ ဦးနဲ့ အများဆုံးဖြစ်ခဲ့ပြီး ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ်တွေမှာတော့ သေဆုံးသူ အယောက်နှစ်ဆယ်နဲ့အထက် ရှိခဲ့ပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်က တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုကို ရှစ်ဆယ်ရာခိုင်နှုန်း အသုံးပြုလာတာ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။
“မြေပြင်က စစ်ကြောင်းထက် လေကြောင်းကို ပိုသုံးလာတာ။ ဘာပဲဖြစ်ဖြစ် လေယာဥ်နဲ့ပဲ လာကြဲတာ။ တိုက်ပွဲမရှိလို့ လုံခြုံမယ်မထင်နဲ့။ လေကြောင်းကနေ လာကြဲပြီ။ အခုဆို ပြည်သူတွေက ဆိုင်ကယ်အိတ်ဇောအသံကြားတာတောင် ဗုံးခိုကျင်းထဲ ပြေးပုန်းကြပြီ”
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဒီဇင်ဘာအထိ သုံးနှစ်အတွင်း အရပ်သားငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဥ် ၃၆၄ ခုရှိခဲ့ပြီး သေဆုံးသူ ၃၅၆၃ ဦး ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၅ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၆၃၂၂ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။