NLD အစိုးရလက်ထက် ကာလုံ မခေါ်မှု တပ်မတော်သား ကိုယ်စားလှယ် ဝေဖန်
2020.02.27
အန်အယ်ဒီ-အစိုးရလက်ထက်မှာ အရေးပေါ်အခြေအနေတွေ ကြုံခဲ့ရပေမဲ့ “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ-ကာလုံ” တစ်ကြိမ်မှ မခေါ်ခဲ့တဲ့အပေါ် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
NLD ပါတီဘက်ကတော့ ကာလုံရဲ့ဖွဲ့စည်းပုံဟာ တပ်မတော်ဘက်က နိုင်ငံရေးဘောင်ချဲ့တာပဲလို့ ဝေဖန်ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ-ကာလုံရဲ့လုပ်ပိုင်ခွင့်ကို တိုးမြှင့်ဖို့ တင်ပြထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ မူကြမ်းကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က ထောက်ခံ ဆွေးနွေးခဲ့ပြီး လက်ရှိအန်အယ်ဒီအစိုးရလက်ထက်မှာ တိုင်းပြည်ဘယ်လောက်အရေးကြီးကြီး ကာလုံအစည်း အဝေး တစ်ကြိမ်မှ မခေါ်ယူခဲ့ဘူးလို့ ပြောပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်လို့ ICJ အမှုကို သွားရောက်ဆွေးနွေးရမဲ့ကိစ္စမှာတောင် သမ္မတက ကာလုံနဲ့ညှိုနှိုင်းတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
"မြန်မာနိုင်ငံ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာများ( ဒါရူစပင်ရဲ့ အစီရင်ခံစာများ)၊ ရခိုင်ပြည်နယ် အရေးကိစ္စကို ICC မှ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တင်ပြခဲ့တဲ့ကိစ္စ၊ ICJ မှာ မြန်မာနိုင်ငံမှ တက်ရောက်ရှင်းလင်းတဲ့ကိစ္စ စတဲ့ နိုင်ငံအတွက် အလွန် အရေးပါတဲ့ကိစ္စများ မတိုင်ခင်မှာ ကောင်စီနဲ့ ညှိုနှိုင်းဆွေးနွေးသင့်သော်လည်း လုပ်ဆောင်မှုမရှိတာကိုလည်း တွေ့ရပါတယ်။"
ကာလုံနဲ့ဆက်စပ်တဲ့ ပုဒ်မ ၂၁၃ မှာ “နိုင်ငံတော် ကျူးကျော်တိုက်ခိုက်ခံရရင် ဖွဲ့စည်းပုံနဲ့အညီ ပြဌာန်းထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိုနှိုင်းပြီး၊ စစ်ရေးအရ လိုအပ်သလိုဆောင်ရွက်ခွင့်ရှိတယ်” လို့ ပြဌာန်း ထားကြောင်း ဒုဗိုလ်မှူးကြီး မိုးမြင့်အောင်က ကိုးကားဖေါ်ပြသွားပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ ARSA အဖွဲ့က ကျူးကျော်တိုက်ခိုက်ခဲ့မှု၊ ပြင်ဦးလွင် နည်းပညာတိုက်ခိုက်ခံရမှုတွေ ဖြစ်ချိန်မှာလည်း၊ နိုင်ငံတော်သမ္မတက ကာလုံ မခေါ်ခဲ့ဘူးလို့လည်း သူက ထောက်ပြပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့၊ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းရာမှာလည်း နိုင်ငံတော်သမ္မတက ကာလုံနဲ့ ညှိုနှိုင်းမူ မရှိခဲ့ဘူးလို့လည်းဆိုပါတယ်။
ပုဒ်မ ၂၀၁( ခ) မှာ ပါတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ဒုဗိုလ်မှူးကြီး မိုးမြင့်အောင် က ထောက်ခံဆွေးနွေးခဲ့ပေမယ့်၊ ကာလုံရဲ့ ဖွဲ့စည်းပုံဖြစ်တဲ့ ပုဒ်မ ၂၀၁ (က) ကိုတော့ မူလ အတိုင်းထားရှိဖို့ သူက အဆိုပြုသွားပါတယ်။
ဒါပေမဲ့ အန်အယ်ဒီ လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာ-ဝေဖြိုးကတော့ လက်ရှိ ကာလုံရဲ့ဖွဲ့စည်းပုံမှာ တပ်မတော်ဘက်က ခြောက်ဦး၊ အန်အယ်ဒီ-အရပ်သားအစိုးရဘက်က ငါးဦးသာ ပါတဲ့အတွက်၊ တပ်မတော်က နိုင်ငံရေးဘောင်ချဲ့တာဖြစ်တယ်လို့ ထောက်ပြဝေဖန်သွားပါတယ်။
"ပုဒ်မခွဲ(စ)မှာ အနည်းဆုံးကောင်စီဝင် ငါးဦးက တောင်းဆိုရင် အစည်းအဝေး ခေါ်ယူကျင်းပရမယ်ဆိုတဲ့အချက်က ကာလုံမှာ တပ်မတော်က ခြောက်ဦးထိ ပါဝင်နေတဲ့အနေအထားကို အားလုံးသိကြမှာဖြစ်ပါတယ်။ ဒီအချက်က တပ်မတော်က နိုင်ငံရေးအခန်းကဏ္ဍမှာ ပိုဘောင်ချဲ့လာမယ့် အနေအထားဖြစ်စေပါတယ် ။ အပိုဒ်ခွဲ (ဂ) ဥပဒေပြု ရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ လွှတ်တော်များကို ဖျက်သိမ်းရန် သင့် မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမယ်ဆိုတဲ့အချက်နဲ့ ပုဒ်မခွဲ (ဃ) ပြည်သူနဲ့အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ် သုံးပုံတစ်ပုံအထက် လစ်လပ်သွားရင် လွှတ်တော်ကို ဖျက်သိမ်းဖို့ သင့် မသင့် သမ္မတကို အကြံပေးရမယ်ဆိုတဲ့အချက်တွေဟာ မူလ နဂိုထဲက ၂၅ ရာခိုင်နှုန်းရထားပြီးတဲ့အပြင် ပိုမိုသွယ်ဝိုက်ပြီး ဥပဒေပြုလွှတ်တာ်ကို အာဏာလွှမ်းမိုးတာဖြစ်ပါတယ်။"
NLD ဦးဆောင်တဲ့ ပူးပေါင်းကော်မတီက တင်သွင်းတဲ့မူကြမ်းမှာတော့ ပုဒ်မ ၂၀၁ မှာ ကာလုံမှာပါဝင်တဲ့ နယ်စပ်ရေးရာဝန်ကြီးကို အပြီးထုတ်ပယ်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌတွေကို အသစ်ထည့်သွင်းဖို့ဖြစ်ပါတယ်။ ဒီအတွက် အန်အယ်ဒီ-မူကြမ်းအရဆိုရင် ကာလုံမှာ တပ်ဘက်က ငါးဦးသာ ကျန်ပြီး အရပ်အသားအစိုးရဘက်က ခုနှစ်ဦး၊ စုစုပေါင်း ၁၂ ဦး ဖြစ်လာမှာပါ။
ဒီအချက်ကို တပ်မတော်သားကိုယ်စားလှယ်တွေက လက်မခံပါဘူး။
ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကတော့ ကာလုံ ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့်ရမယ်ဆိုရင်၊ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ပါဝင် သင့်တယ်လို့ ရခိုင်ပြည်နယ်အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောပါတယ်။
"ကျမတို့သာ ဆွေးနွေးမယ်ဆိုလို့ရှိရင် ကျမတို့ပြည်နယ်တွေက ရွေးချယ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်များလည်းပဲ ဒီကာလုံမှာပါဝင်ရမှာဖြစ်ပါတယ်။ ဥပမာ အများဆုံးပြောကြတဲ့ ဒီမှာက ဗဟိုချုပ်ကိုင်မှုနဲ့ ဖြေရှင်းသမျှကာလပတ်လုံး ရခိုင်ကိစ္စတွေက ရှင်းမှာမဟုတ်ဘူးဆိုတော့ ရခိုင်ပြည်သူ အများဆုံးက ရွေးချယ်လို့ တင်မြှောက်လိုက်တဲ့ ဝန်ကြီးချုပ်သည် ကာလုံမှာပါမှသာလျှင် ရခိုင်ပြည်နယ် အခြေအနေ၊ မြေပြင်အခြေအနေကို သိမှာဖြစ်ပါတယ်။"
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ဒီကနေ့ တတိယမြောက်နေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေအတွက် အရေးကြီးတယ်လို့ လူပြောများနေတဲ့ ပုဒ်မ-၂၆၁ ကို ပြန်လည်ပြင်ဆင်ဖို့ ကြံ့ခိုင်ရေးပါတီက ဦးသိန်းထွန်း တင်သွင်းတဲ့ မူကြမ်းအပေါ် ရခိုင်အမတ်တွေက ထောက်ခံဆွေးနွေးသွားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးအကြီးဆုံးပုဒ်မဖြစ်တဲ့ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးအပေါ် အန်အယ်ဒီအမတ်တွေက ထောက်ခံဆွေးနွေးတာလည်း တွေ့ရပါတယ်။