တပ်မတော်သား ကိုယ်စားလှယ် ရုပ်သိမ်းရေး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ
2015.07.16

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းဖို့ ပြဌာန်းချက်အပေါ် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့အကြား သဘောထားကွဲလွဲနေကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်းကော်မတီက ဒီနေ့ အစီရင်ခံစာ တင်သွင်းရာမှာ ပြောကြားခဲ့ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်ကနေ ရုပ်သိမ်းပေးဖို့ နိုင်ငံသားတစ်ဦးက တိုင်ကြားရင် စစ်ဆေးရမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က တင်ပြထားပေမယ့် အမျိုးသားလွှတ်တော်က နိုင်ငံသားတစ်ဦးဟာ မဲဆန္ဒရှင် ၁၀ ဦးရဲ့ လက်မှတ်နဲ့ တိုင်ကြားရမယ်လို့ သဘောထားပေးထားတယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"ပြည်သူ့လွှတ်တော်က တာဝန်ကပြန်လည်ရုပ်သိမ်းလိုသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက်ကို နိုင်ငံသားတစ်ဦးဦးကလည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကေ်ာမရှင်သို့ တင်သွင်းရမည်လို့ အတည်ပြုထားပြီး၊ အမျိုးသားလွှတ်တော်က တာဝန်ကပြန်လည်ရုပ်သိမ်းလိုသော တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက်ကို နိုင်ငံသားတစ်ဦးဦးက ခိုင်လုံသောသက်သေ အနည်းဆုံး ၁ဝ ဦးရဲ့ လက်မှတ်ရေးထိုးထောက်ခံချက်ကို ပူးတွဲပြီးလည်းကောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို တင်သွင်းရမည်"
တစ်ချိန်တည်းမှာလည်း ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်တန်းချင်ရင် မဲဆန္ဒရှင်တွေရဲ့ ၁ ရာခိုင်နှုန်းရဲ့ လက်မှတ်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရမှာဖြစ်တယ် ဆိုတဲ့ ပြဌာန်းချက်ကိုတော့ လွှတ်တော်နှစ်ရပ်က သဘောတူကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ လွှတ်တော်ထံ ရောက်ရှိနေတာ ၃နှစ်နီးပါးရှိနေပြီးဖြစ်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ရုပ်သိမ်းပေးဖို့အတွက် မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တိုင်ကြားလာရင် အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေကို စတင်စစ်ဆေးရမှာဖြစ်တယ်ဆိုတဲ့ ပြဌာန်းချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါတဲ့အချက်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက အဲဒီပြဌာန်းချက်ကို ပယ်ဖျက်လိုတာဖြစ်ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အဲဒီပြဌာန်းချက်ကို ဆက်လက်ထားရှိစေချင်သလို အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေက မဲဆန္ဒရှင် ၂၀ ရာခိုင်နှုန်းဆိုတဲ့ အရေအတွက်ကို ပြင်ဆင်လို တာဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းကို ဆွေးနွေးရာမှာ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ဒီအတောအတွင်း ပြည်ထောင်စုဘဏ္ဍာငွေ အသုံးစာရင်းတွေနဲ့ ပတ်သက်လို့ ပြည်သူငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ်မှာ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြတာနဲ့ ပတ်သက်လို့ မေးမြန်းစဉ် အတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ ကို နားဆင်နိုင်ပါတယ်။