နေပြည်တော် စစ်ရုံးချုပ်နဲ့လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း NUG ပြော

RFA Burmese
2024.04.04
နေပြည်တော် စစ်ရုံးချုပ်နဲ့လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း NUG ပြော နေပြည်တော်က စစ်ရုံးချုပ် (ကက-ကြည်း) နဲ့ အေလာလေတပ်နေရာများအား Kloud Drone တပ်ခွဲနဲ့ PDF ပူးပေါင်းတပ်မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က တိုက်ခိုက်ခဲ့ကြစဉ်။
KLOUD

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က စစ်ရုံးချုပ် (ကက-ကြည်း) နဲ့ အေလာလေတပ်နေရာတွေကို ဧပြီလ ၄ ရက် ဒီနေ့မနက်မှာ ဒရုန်းတွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ရုံးချုပ်ကို ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲနဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး အေလာလေတပ်ကို ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Lethal props တပ်ခွဲနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ စစ်ရုံးချုပ်ကို ကာမီကာဇေ (အသေခံ) ဒရုန်း ၁၆ စင်း၊ အေလာလေတပ်ကို ဒရုန်း ၁၃ စင်းတို့နဲ့ တိုက်ခိုက်ခဲ့တာလို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပြောပါတယ်။

စစ်ကောင်စီကတော့ နေပြည်တော်လေဆိပ်ရဲ့ အရှေ့ဘက်ကနေ ဒရုန်းလေးစင်း ပျံသန်းလာမှုနဲ့ ဇေယျာသီရိမြို့နယ် အရှေ့တောင်ဘက်က ဒရုန်းသုံးစင်း ပျံသန်းလာမှုတွေကို လေကြောင်းရန်ကာကွယ်ရေးတပ်က ပစ်ချနိုင်ခဲ့ပြီး လူနဲ့အဆောက်အအုံ ထိခိုက်မှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။

စစ်ရုံးချုပ်နဲ့ အေလာလေတပ်အနီး နေထိုင်သူတွေကတော့ ပေါက်ကွဲသံကျယ်တွေမကြားမိဘဲ အခြေအနေတွေ ငြိမ်သက်နေသလို စစ်ကောင်စီတပ်က လုံခြုံရေးအထူးတလည် တိုးမြှင့်ထားတာလည်း မတွေ့ရဘူးလို့ RFA ကို ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာလည်း နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေနဲ့ အမှတ် ၂၀၃၁ လေကြောင်းရန် ကာကွယ်ရေးတပ်တို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။