အစိုးရအဖွဲ့ ဥပဒေ ပြင်ဆင်ချက် စစ်တပ် ကန့်ကွက်


2015.07.06
military-representatives-622.jpg ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေကို ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးလုပ်ငန်းတွေ မလုပ်ရလို့ ပိတ်ပင်ထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကနေ့ အမျိုးသားလွှတ်တေ်ာမှာ ကန့်ကွက်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ပွဲဆိုင်ရာ ပါတီလုပ်ငန်းတွေကို အဲဒီပုဂ္ဂိုလ်တွေဟာ ဆောင်ရွက်ခြင်းမပြုရလို့ တိတိကျကျ ပိတ်ပင်ထားတာမရှိဘူးဆိုပြီး တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သိန်းလွင်က အခုလို ကန့်ကွက်ဆွေးနွေးပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ နှင့်ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဋ) တို့အရ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များသည် နိုင်ငံရေးပါတီတစ်ခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့်နေ့မှာစပြီး မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမပြုရဟုသာ ပြဌာန်းထားပြီး ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြုရန် တိကျစွာ ပိတ်ပင်တားမြစ်ထားခြင်းမရှိသည်ကို တွေ့ရှိရပါသည်"

ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်စဉ်က တပ်မတော်သား ကိုယ်စားလှယ်တွေ ရှုံးနိမ့်ခဲ့တဲ့ အဲဒီ့ဥပဒေကြမ်း ၇ ခုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၈ ဦးက ဆက်လက်ကန့်ကွက်ကြတာပါ။

မူလက ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ခ)နဲ့ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဃ)တို့မှာ သမ္မတ၊ ဒုတိယ သမ္မတတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေက သူတို့ဟာ အစိုးရ သက်တမ်းအတွင်းမှာ ပါတီလုပ်ငန်းတွေ လုပ်ဆောင်ခွင့်မရှိပေမယ့် ရွေးကောက်ပွဲနီးရင် ပါတီစည်းရုံးရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ပြဌာန်းထား ပါတယ်။

အခု ပြင်ဆင်ထားတဲ့ မူကြမ်းမှာ 'ပါတီ' ဆိုတဲ့ စကားလုံးကို ပယ်ဖျက်ထားတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေ ဟာ ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးလုပ်ဖို့ အခက်အခဲဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။

ပြည်ထောင်စုရှေ့နေချုုပ် ဒေါက်တာထွန်းရှင်ကတော့ ပြည်ထောင်စုအဆင့်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းတွေ မဆောင်ရွက်ရပေမယ့် နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးအရ ရွေးချယ်ခံပိုင်ခွင့်ရှိလို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်မှုမရှိဘူးလို့ဆိုပါတယ်။

ဒီကနေ့ ကန့်ကွက်တဲ့ အဲဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ကြားနာဖို့ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ကြေညာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။