ငြိမ်းချမ်းရေးအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမြတ်ထုတ်နေကြောင်း စစ်ခေါင်းဆောင် စွပ်စွဲ
2023.11.29

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေဟာ ငြိမ်းချမ်းရေးကို အမြတ်ထုတ်နေတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး နောက်ကွယ်မှာ အင်အားစုစည်းတာ၊ လက်နက်ခဲယမ်းတွေကို အပြိုင်အဆိုင် တည်ဆောက်ထုတ်လုပ်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေကို သင်တန်းပေးတာနဲ့ လက်နက်ခဲယမ်းတွေကို ရောင်းချပေးနေတယ်လို့ နေပြည်တော်မှာ နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာပါ။
၂၀၀၉ ခုနှစ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နယ်မြေမှာ ဖွဲ့စည်းတည်ထောင်ခွင့်ပေးခဲ့တာကိုလည်း စစ်ခေါင်းဆောင်က ဝေဖန်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်ကောင်စီခေါင်းဆောင်က … ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက တပ်စခန်းတွေကို တိုက်ခိုက်ရာမှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းအဖွဲ့တွေဟာ သာလွန်အင်အားသုံးခဲ့တဲ့အပြင် စစ်သုံးအဆင့် Drone တွေသုံးပြီး Drop Bomb တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက စွန့်ခွာပေးခဲ့တဲ့အပြင် အရပ်သားပြည်သူတွေ မထိခိုက်အောင်၊ တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်တာကြောင့် တစ်ဖက်နိုင်ငံရဲ့ အထင်အမြင် မလွဲအောင် ဆောင်ရွက်ခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း Drop Bomb အလုံးရေ နှစ်သောင်းခွဲကျော် အသုံးပြုတိုက်ခိုက်ခဲ့တဲ့အပြင် ရှော့တိုက်ဒုံး အလုံး ၁၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နည်းပညာသာလွန်မှုကို အသုံးချသွားတယ်လို့လည်း စစ်ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်ရာမှာ KIA၊ AA၊ TNLA တို့အပြင် ပြည်ပက ဒရုန်းပညာရှင်တွေအပါအဝင် စုစုပေါင်းအင်အား (၆၅၀၀) ခန့် ပါဝင်ခဲ့တယ်လို့လည်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောခဲ့ပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ရဲ့ တိုက်ခိုက်မှုတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။
ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ဦးဆောင်ပြီး မဖြစ်ဖြစ်အောင် အကောင်အထည် ဖော်သွားမယ်လို့လည်း အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် တပ်မတော် (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ဟာ အောက်တိုဘာ ၂၇ ရက်နေ့က ၁ဝ၂၇ စစ်ဆင်ရေးကိုစတင်ခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်နေ့မှာလည်း တစ်နိုင်ငံလုံး စစ်ဆင်ရေးစတင်ကြောင်း ကြေညာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးမှာ တစ်နိုင်ငံလုံးက လူတိုင်းပါဝင်ဖို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်တွန်းထားပါတယ်။