စစ်ကိုင်းမှာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ပြန်အားကောင်းလာ

RFA Burmese
2023.10.08
စစ်ကိုင်းမှာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ပြန်အားကောင်းလာ ယင်းမာပင်၊ ဆားလင်းကြီးက ရွာပေါင်းစုံသပိတ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၉၂၈ ရက်မြောက်နေ့အဖြစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။
ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်းမှာ အောက်တိုဘာလ ၁ ရက်ကစလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြမှုတွေ ပြန်လည်အားကောင်းလာတယ်လို့ သပိတ်အင်အားစုတွေက ပြောပါတယ်။

ခင်ဦး၊ ရေဦး၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ မုံရွာ၊ ဆားလင်းကြီး စတဲ့ဒေသတွေမှာ သွေးစွန်းငွေ ဖြတ်တောက်ရေး၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ လူထုဟောပြောပွဲ စတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အောက်တိုဘာလအတွင်း လူအင်အားအလုံးအရင်းနဲ့ ပြန်လည်လှုပ်ရှားလာတာပါ။

သပိတ်အင်အားစု လုပ်ငန်းကော်မတီကို အောက်တိုဘာ ၁ ရက်မှာ ဖွဲ့စည်းလိုက်ပြီး နောက်ပိုင်း လူထုလှုပ်ရှားမှုတွေ ပြန်လည်အားကောင်းလာတာလို့ မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ဒေါက်တာ တေဇာစန်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ စစ်ကိုင်းတိုင်းက လက်ရုံးရည်ရော၊ နှလုံးရည်ရောနဲ့ ပါဝင်နေတာလို့ ပြောပါတယ်။

"အားလုံးသိတဲ့အတိုင်း စစ်ကိုင်းတိုင်းဟာ လက်ရုံးရည်အရ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေသလို နှလုံးရည်အရလည်း လူထုဆန္ဒပြတာတွေ ရှိနေတယ်။ စစ်ရေးအားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာ လူထုလှုပ်ရှားမှုတွေကလည်း ပိုပြီးအားကောင်းလာတာပါ"

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ စစ်ကိုင်းတိုင်းက သပိတ်ကော်မတီဝင်တွေဟာ အောက်တိုဘာ ၁ ရက်နေ့က အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးပြီး စစ်ကိုင်းတိုင်း သပိတ်အင်အားစု လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

ပိုပြီးအားကောင်းတဲ့ လူထုလှုပ်ရှားမှုတွေလုပ်ဖို့ အဲဒီကော်မတီက ဆုံးဖြတ်ထားပါတယ်။ စစ်ကိုင်းတိုင်းမှာ ပုံစံမျိုးစုံနဲ့ လူထုလှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့ သပိတ်အင်အားစု ၃၉ ဖွဲ့ရှိပါတယ်။

လက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ကြားကပဲ ဒေသခံတွေဟာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေကြတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။