PPST ထုတ်ပြန်ချက် NCA ကို ချိုးဖောက်ကြောင်း စစ်ကောင်စီ တုံ့ပြန်

“စစ်ကောင်စီရဲ့ ပြည်သူလူထုအိုးအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချသည်” ဆိုတဲ့ စကားရပ်ပါတဲ့ PPST အဖွဲ့ ထုတ်ပြန်ချက်ဟာ ဖြစ်စဉ်အမှန်ကို မသိဘဲ စွပ်စွဲထားတာမို့ ဒီလုပ်ရပ်ဟာ NCA ပါ သဘောတူညီချက်တွေကို ချိုးဖောက်နေတယ်လို့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက နိုဝင်ဘာ ၉ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တုံ့ပြန်လိုက်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ PPST ရဲ့ နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်က မနေ့က ပြန်လည်တုံ့ပြန်လိုက်တာပါ။
အောက်တိုဘာ ၂၉ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်ပေါင်း ၁၆၀ ကျော်ကို စစ်တပ်က မီးရှို့ခဲ့တာ စစ်ကိုင်း၊ မကွေးနဲ့ ကရင်နီဒေသတွေမှာ ပြည်သူလူထုရဲ့အိုးအိမ်တွေ ဘာသာရေး အဆောက်အအုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုံချပြီး၊ ကျူးလွန်သူတွေကို ပြင်းပြင်း ထန်ထန် အရေးယူဖို့ PPST အဖွဲ့က ကြေငြာချက် ထုတ်ပြန် တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီကတော့ “PPST အနေနဲ့ ဖြစ်စဉ်အမှန်ကို တိတိကျကျ မသိဘဲ တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲ ရေးသားထားတာဟာ NCA အခန်း (၃)၊ အပိုဒ် ၅(စ) ပါ အချက်တွေကို ချိုးဖောက်ရာ ရောက်ကြောင်း နိုဝင်ဘာ ၉ ရက် မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြန်လည် တုံ့ပြန်ထားပါတယ်။