ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာဖွဲ့အစည်းတွေကို စစ်တပ်က အသွားအလာတင်းကျပ်

ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့သွားလာမှုတွေကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သြဂုတ်လ ၅ ရက်နေ့က တင်း ကျပ်ကန့်သတ်လိုက်ပါတယ်။
အဲဒီလို ကန့်သတ်တဲ့စာကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး စိုင်းသော်ဝင်းက လက်မှတ် ထိုးပြီး သြဂုတ်လ ၇ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းတွေထံကို ပေးပို့ခဲ့တာပါ။
RFA က ရရှိထားတဲ့ အဲဒီအကြောင်းကြားစာထဲမှာ UN၊ INGO၊ NGO တွေအနေနဲ့ နယ်မြေခံ လုံခြုံရေးအဖွဲ့ အစည်းတွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ မပျက်မကွက်စစ်ဆေးမှုတွေခံယူဖို့နဲ့ ခရီးမသွားလာခင်မှာ ခရီးစဉ် တစ်ခုအလိုက် အကြောင်းအရာ၊ ယာဉ်မောင်းအမည်၊ ယာဉ်အမျိုးအစား၊ ယာဉ်ပေါ်မှာပါမယ့် လူဦးရေနဲ့ ကုန်ပစ္စည်းတွေစတဲ့ အသေးစိတ်စာရင်းတွေကို တိုင်းစစ်ဌာနချုပ်သို့ ကြိုတင်အသိပေးအကြောင်းဖို့ကို ရေးသားထားပါတယ်။
UN၊ INGO၊ NGO အဖွဲ့တွေအနေနဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ခွင့်ပြုချက်လျှောက်ရာမှာလည်း အနည်းဆုံး အချိန်နှစ်ပတ် ကြိုတင်တင်ပြတောင်းခံဖို့နဲ့ အထူးအလေးထားလိုက်နာကြဖို့လည်း အဲဒီအကြောင်း ကြားစာထဲမှာ ရေးသားပါတယ်။
ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာမှုအကူအညီတွေပေးနေကြတဲ့ လူမှုအဖွဲ့အစည်းတွေအနေနဲ့ အခုလို တင်းကျပ်ကန့်သတ်ခံလိုက်ရတဲ့နောက်ပိုင်း စစ်ဘေးဒုက္ခသည်တွေထံပေးအပ်မယ့် အကူအညီတွေဟာ စစ်ဆေးရေးဂိတ်တွေကနေ အထောက်အထားမပါလို့ဆိုပြီး တားဆီးခံရတာမျိုးတွေလည်း ကြုံနေရတယ်လို့ လူမှုအဖွဲ့အစည်းတစ်ခုက ပြောပါတယ်။
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဒုက္ခသည်စခန်းအတွက် ဒီနေ့ ရိက္ခာဖြန့်ဝေရမှာဖြစ်ပေမယ့် မလာနိုင်တော့တဲ့အကြောင်း မနေ့က သြဂုတ် လ ၁၁ ရက်နေ့က အကြောင်းကြားလာတာကြောင့် ဒုက္ခသည်တွေအတွက် ရိက္ခာအခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ဦးစိုးနိုင် က RFA ကို ပြောပါတယ်။
ဒီလိုကန့်သတ်တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအဖွဲ့ရဲ့ တုံ့ပြန်ချက်ကိုရဖို့ RFA က ကြိုးစားနေပါတယ်။
ရခိုင်ပြည်အတွင်းမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း အိုးအိမ်စွန့်ခွာပြီး ဒုက္ခသည်စခန်းအသီးသီးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် ခြောက်သောင်းကျော်နဲ့ စခန်းပြင်ပ နီးစပ်ရာ အသီးသီးမှာ ခိုလှုံနေကြသူ လေးသောင်းကျော်၊ စုစုပေါင်း စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ဟာ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။