အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်မှာ NLD ပါတီဝင်တွေနဲ့ တွေ့ခွင့်ရမယ်လို့ စစ်ကောင်စီပြော

မကြာခင်လာရောက်မယ့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်အတွင်း NLD ပါတီဝင်တွေနဲ့ တွေ့ခွင့်ရလိမ့်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကတိပေးထားကြောင်း ကမ္ဘောဒီးယားအစိုးရ ထိပ်တန်းအရာရှိတစ်ဦး ကို ကိုးကားပြီး ဖေဖော်ဝါရီ ၇ ရက် ဒီကနေ့ ရိုက်တာသတင်း တစ်ပုဒ်မှာ ရေးထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အွန်လိုင်းကနေ စကား ပြောစဉ် အဲဒီလိုကတိပေးလိုက်တာလို့ စကားပြောချိန်မှာ အတူရှိနေခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရုံး အရာရှိ Kao Kim Hourn က ဆိုပါတယ်။
ဒါပေမဲ့ အာဆီယံအထူးသံတမန် Prak Sokhonn မြန်မာနိုင်ငံကို ဘယ်ရက် လာရောက် မယ်ဆိုတာကို အတိအကျ ထုတ်မပြောသလို၊ NLD ပါတီက ဘယ်လိုအဆင့် ခေါင်းဆောင် မျိုးကို တွေ့ဆုံမလဲဆိုတာလည်း အတိအကျ ပြောမထားပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Prak Sokhonn ရဲ့ ပထမဆုံးအကြိမ် ခရီးစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ Kao Kim Hourn က ဝန်ခံထားပါတယ်။
“ကျနော်တို့ရည်ရွယ်ချက်က အရေးကြီးတဲ့ သက်ဆိုင်သူအားလုံးကို တွေ့ဖို့ဖြစ်ပါတယ်။ တစ်ကြိမ်တည်းနဲ့ အရာအားလုံး ဖြစ်မှာမဟုတ်ပါဘူး။ အကြိမ်အရေအတွက် များလာတဲ့အခါတော့ ဖြစ်လာနိုင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမရဆိုတဲ့အပေါ် Kao Kim Hourn က ရည်ညွှန်းပြောဆိုသွားပါတယ်။
NLD ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးကျော်ထွေး ကတော့ နိုင်ငံတကာသံတမန်တွေ အနေနဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ NLD ပါတီဝင်တွေကို တွေ့မယ်ဆိုရင် NLD လုပ်ငန်းကော်မတီကို တရားဝင် ဆက်သွယ်အကြောင်းကြားသင့်တယ်လို့ ပြီးခဲ့တဲ့လထဲမှာ RFA က မေးမြန်းစဉ် ပြောဆိုခဲ့ဖူးပါတယ်။
စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း ပါတီ ထိပ်တန်းခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးအပါအဝင် ပါတီဝင်စုစုပေါင်း ၆၈၆ ဥိး အဖမ်းခံထားရကြောင်း ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း တစ်နှစ်ပြည့်နေ့မှာ NLD လုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် NLD ပါတီရုံးတွေကို မီးရှို့ဖျက်ဆီးမှုနဲ့ တရားမဝင် ဖောက်ထွင်းဝင်ရောက်မှု ၉၁ ကြိမ် ဖြစ်ခဲ့ပြီး ပါတီဝင် ၁၁၇ ဦးရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံထားရကြောင်းလည်း NLD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။