မအူပင်မြို့ ပျိုးခင်းသစ်အဖွဲ့ ဦးဆောင်သူ အိမ်နဲ့ခြံ ချိတ်ပိတ်ခံရ
2021.11.22

ဧရာဝတီတိုင်း မအူပင်မြို့နယ်က ပျိုးခင်းသစ်လူမှုအဖွဲ့ ဦးဆောင်သူ ကိုထိုက်ထိုက်ရဲ့ အိမ်နှစ်လုံးနဲ့ ခြံတစ်ခြံ တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၀ ရက်နေ့က ချိတ်ပိတ်သွားတယ်လို့ မအူပင်မြို့ ဒေသခံတွေ က ပြောပါတယ်။
ကိုထိုက်ထိုက်တို့ မိသားစုနေတဲ့ တေဇလမ်းနဲ့ ၅ လမ်းထောင့်က နေအိမ်၊ ၅ လမ်းမှာရှိတဲ့ ပျိုးခင်းသစ်ရုံးခန်း ရှိရာ နေအိမ်နဲ့ အိုင်ဝိုင်းကျေးရွာက ခြံတစ်ခြံတို့ ချိတ်ပိတ်ခံလိုက်ရတာပါ။
အကြမ်းဖက်အဖွဲ့အစည်းလို့ စစ်ကောင်စီက သတ်မှတ်ထားတဲ့အဖွဲ့တွေဆီ ဝင်ရောက်မယ့်သူတွေကို ကူညီ ဆောင်ရွက်ပေးခဲ့တဲ့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ အရ နေအိမ် အဆောက်အအုံပိုင်ရှင် ကို အရေးယူထားတဲ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၆ အရ နေအိမ်၊ အဆောက်အအုံနေရာကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်တယ်လို့ ချိတ်ပိတ်ခံရတဲ့နေရာတွေမှာ အနီရောင်ဗီနိုင်းတွေနဲ့ ကပ်ထားတာပါ။
စစ်အာဏာရှင်ဆန့်ကျင်ရေးတွေမှာ ပါဝင်ခဲ့တာအပြင် CDM အာဏာဖီဆန်ရေးဝင်မယ့်သူတွေကို ကူညီပေး ခဲ့တာကြောင့် ပျိုးခင်းသစ်လူမှုရေးအဖွဲ့ ဦးဆောင်သူ ကိုထိုက်ထိုက် တရားစွဲခံထားရပြီး အဖွဲ့ဝင်တွေကလည်း ရှောင်တိမ်းနေရပါတယ်။
ပျိုးခင်းသစ်အဖွဲ့ဟာ မအူပင်မြို့နယ်အတွင်း သန့်ရှင်းရေး၊ ကျန်းမာရေး ၊ လူမှုရေး လုပ်ငန်းတွေမှာ ဦးဆောင်ကူညီပေးခဲ့တဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂ (က) နဲ့ အရေးယူခံ ထားရတဲ့ မအူပင်မြို့နယ် အမှတ် ၂ ရပ်ကွက်က ကိုသက်နိုင် လျှပ်စစ်ပစ္စည်းပြုပြင်ရေး နေအိမ်၊ ကိုအောင်ကိုလတ် နေအိမ်နဲ့ မနီနီတိုးမောင်ရဲ့ တော်ဝင်အုတ်သဲကျောက်ဝင်းနေရာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ငါးယောက် ရောက်လာပြီး ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။