မိုးကောင်း NLD အမတ်ရဲ့ အိမ်နှစ်လုံး ချိတ်ပိတ်ခံရ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ကနေ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ရဲ့ နမ္မတီးမြို့က နေအိမ်နှစ်လုံး ဒီဇင်ဘာ ၁၄ ရက် ဒီမနက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ချိတ်ပိတ်တာ ခံလိုက်ရတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
တစ်အိမ်က လူမနေဘဲ ပိတ်ထားတာဖြစ်ပေမယ့် နောက်တစ်အိမ်က ငှားထားလို့ အိမ်ငှားတွေလည်း ပစ္စည်းတွေ သယ်ထုတ်ခဲ့လိုက်ရတယ်လို့ ဦးဝင်းနိုင် က ပြောပါတယ်။
“အိမ်က ဒီနေ့ ချိတ်ပိတ်သွားတယ်။ တစ်အိမ်က နဂိုကလည်း ကျွန်တော်တို့ပဲနေတော့ တစ်မိသားစုလုံး တနယ်စီရောက်နေတော့ အိမ်ပိတ်သွားတာကတော့ ပိတ်သွားလည်း ပိတ်ရုံပေါ့လေ။ နောက်တစ်အိမ် ကတော့ အိမ်ငှားထားတော့ အိမ်ငှားတွေ ပစ္စည်းလေးတွေ ဖယ်ခိုင်းတာပေါ့။ ပစ္စည်းတွေ အားချင်း ထုတ်ပြီးသွားတာနဲ့ ချိတ်ပိတ်သွားတယ်လို့ ကြားတာပဲ”
စစ်ကောင်စီရဲ့ မြို့နယ်ရဲမှူး ဦးဆောင်ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက နမ္မတီးမြို့မရပ်ကွက် ညနေဈေးလမ်းက အိမ်နဲ့ မြို့လှရပ်ကွက်က ငှားထားတဲ့အိမ်တွေကို လာရောက်ချိတ်ပိတ်သွားတာလို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။
ဦးဝင်းနိုင်ဟာ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မိုးကောင်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ယှဉ်ပြိုင်အနိုင်ရရှိထားကာ လက်ရှိ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက သူ့ကိုအတိုက်အခံပြု တော်လှန်နေတဲ့ CRPH၊ NUG၊ PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေ အဖြစ် သတ်မှတ်ထားပြီး ပါဝင်ပတ်သက်သူတွေကိုလည်း ဥပဒေအကြောင်းပြကာ ထိထိရောက်ရောက် အရေးယူနေပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ပါတီဝန်းရံသူ ၅၅ ယောက်ကျော်ရဲ့ နေအိမ်အဆောက်အအုံတွေကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ NLD Central Working Committee က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။