မြိတ်မှာ အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူဖို့ ပြင်ဆင်

RFA Burmese
2024.06.15
မြိတ်မှာ အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူဖို့ ပြင်ဆင် ၂ဝ၁၆ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၁ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြမြင်ကွင်းတစ်ခု။
AFP

တနင်္သာရီတိုင်း မြိတ်မြို့နယ်က ရပ်ကွက်ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီးတွေ စာရင်းကောက်ယူဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ရာအိမ်မှူးတွေကိုတဆင့် နှုတ်မိန့်နဲ့ ကောက်ခိုင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရာအိမ်မှူးတွေကိုယ်တိုင် ပြောနေကြတယ်၊ အမျိုးသမီးတွေ စာရင်းကောက်ပေးရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူး ပြောတယ် လို့ပြောတယ်၊ သူတို့ကတောင် မေးသေးတယ်တဲ့ တကယ်ကောက်ခိုင်းနေပြီဆို စာထုတ်ပေးဆိုတော့ နှုတ်မိန့်ပဲလို့ ပြောတယ်တဲ့၊ ကောက်တော့ မကောက်သေးဘူး"

အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၅) အတွက် ရည်ရွယ်တာလို့သိရပြီး ဒီလိုစာရင်းကောက်ယူမယ့်အပေါ် မိသားစုတွေစိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အမျိုးသမီးတွေစစ်မှုထမ်းဖို့ စာရင်းကောက်ယူနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့တနင်္သာရီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသက်နိုင်နဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ ဧပြီလကစပြီး အမှတ်စဉ် (၁) နဲ့ (၂) အတွက် လူတစ်သောင်းကျော် ခေါ်ယူခဲ့ပြီးဖြစ်သလို အမှတ် (၃) ကိုလည်း မကြာခင် ခေါ်ယူဖို့ရှိတယ်လို့ သိရပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဒီဥပဒေကို လက်ရှိ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တာပါ။ ဒီဥပဒေမှာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ အသက်၂၇ နှစ်အတွင်း အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါတယ်။ ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့ရင် ထောင်ဒဏ် သုံးနှစ် နဲ့ ငွေဒဏ် ချမှတ်ခံရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။